ဟိုပုံးမြို့နယ်၌ ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံများအစားထိုးစိုက်ပျိုးရန် နေကြာမျိုးစေ့များ ထောက်ပံ့

 




ဟိုပုံး အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာတွင် ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသော သီးနှံများ ပြန်လည်ကုစားနိုင်ရန် နည်းပညာပေး ဆွေးနွေးခြင်းနှင့် ရေကြီးနစ်မြုပ်ခဲ့သည့်သီးနှံများ အစားထိုးစိုက်ပျိုးနိုင်ရန် နေကြာမျိုးစေ့များ ထောက်ပံ့ ပေးအပ်ခြင်းကို အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် နမ့်ခုတ်ကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာ နည်းပညာပေးစင်တာ၌ ကျင်းပခဲ့သည်။

အဆိုပါ နည်းပညာပေးဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်သီးနှံကာကွယ်ရေး တာဝန်ခံနှင့် မျိုးစေ့တာဝန်ခံများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စိုက်ပျိုး‌ရေးဦးစီးဌာနမှ တာဝန်ရှိသူ များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ရေကြီးနစ်မြုပ်ပျက်စီးသွားသော သီးနှံစိုက်ပျိုး တောင်သူများနှင့်တွေ့ဆုံ၍ သီးနှံစိုက်ခင်းများ ပြန်လည်ကုစားရန်အတွက် လိုအပ်သည့်စိုက်ပျိုးနည်းစနစ် များ၊ ပြန်လည်စိုက်ပျိုးမည့်သီးနှံများအတွက် ပျက်စီးသွားသော မြေဆီလွှာများကို ပြုပြင်ရေးနည်းလမ်းများ၊ ကြုံတွေ့နိုင်သော ဖြုတ်ညိုပိုး၊ ငမြှောင်တောင်ပိုး၊ ဘက်တီးရီယားရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်း နည်းပညာများကို ဆွေးနွေးခဲ့ရာ ရေဘေးသင့်တောင်သူ ၂၇ ဦးတက်ရောက်၍ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည် ကြသည်။ ထို့နောက် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်သီးနှံ ကာကွယ်ရေးတာဝန်ခံက ရေကြီးနစ်မြုပ်ပျက်စီးသွားသော သီးနှံစိုက်ပျိုးတောင်သူများအား နေကြာမျိုးစေ့ ဧက(၂၀)စာ အတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်တွင် ရာဂီမုန်တိုင်းဒဏ်ကြောင့် သီးနှံစိုက်ဧက ငါးထောင်ကျော်ရေကြီး နစ်မြုပ်ခဲ့ရာ စိုက်ပျိုးသီးနှံ ၂၉၄၂ ဧက ပျက်စီးဆုံးရှုံးခဲပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရေကြီးနစ်မြုပ်မှု ဒဏ်ခံစားခဲ့ကြရသည့် သီးနှံစိုက်ခင်းများ ပြန်လည်ကုစားနိုင်စေရန်အတွက် နည်းပညာပေးဆွေးနွေးပွဲများ ကို ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော ကျေးရွာများတွင်လည်း နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)












No comments

Powered by Blogger.