မန္တလေးမြို့တွင် ကျင်းပသည့် သီတင်းကျွတ်မီးထွန်းပွဲတော်နောက်ဆုံးရက်တွင် လာရောက်ပါဝင်ဆင်နွှဲ ကြသူများဖြင့် စည်ကား



မန္တလေး     အောက်တိုဘာ    ၁၈


မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်းတွင် ကျင်းပသည့် သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ဒေသခံပြည်သူများ သာမက အနယ်နယ်အရပ်ရပ်မှ ခရီးသွားများပါလာရောက်ပါဝင် ဆင်နွှဲကြသဖြင့် ယနေ့ပွဲတော်နောက်ဆုံး ရက်တွင်လည်း စည်ကားခဲ့ကြောင်း သိရသည်။


အဆိုပါ သတင်းကျွတ်မီးထွန်းပွဲတော်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကာ အောက်တိုဘာ (၁၆)ရက်မှစ၍ ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်းတစ်လျှောက် ၆၆ လမ်းမှ ၇၃ လမ်းအတွင်း ကျင်းပခြင်းဖြစ်ပြီး ဆီမီးတစ်သောင်းကပ်လှူပူဇော်ပွဲများ၊ ပွဲတော်ကျင်းပရာ လမ်းတစ်လျောက် ရောင်စုံမီးများ ထွန်းညှိပြင်ဆင် ထားရှိမှုများနှင့်အတူ နိုင်ငံကျော်အဆိုတော်များပါဝင်သည့် ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာကျွေးမွေး လှူဒါန်းမှုများအပြင် အစားအ သောက်များရောင်းချသည့် စျေးဆိုင်တန်းများပါ ထည့်သွင်းထားပြီး ညနေ() နာရီမှ ည(၁၀) နာရီအထိ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ သီတင်းကျွတ်လပြည့်နေ့မှစ၍ ယနေ့ပွဲတော် နောက်ဆုံးရက်အထိ ပျော်ရွှင်စွာလာရောက်ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားခဲ့သည်။


ရန်ကုန်ကနေ ကလေးတွေကျောင်းပိတ်လို့ မန္တလေးကိုဘုရားဖူးထွက်လာရင်း ဒီပွဲတော်နဲ့ကြုံလို့လာခဲ့တာပါ။ မန္တလေးကျုံးအလှကို ရောင်စုံဆီမီးတွေရဲ့အလှနဲ့ ပေါင်းစပ်ပြီးကြည့်ရတာ သိပ်ကိုလိုက်ဖက်တဲ့ ပန်းချီကား တစ်ချပ်ကို ကြည့်နေရသလိုမျိုး ခံစားရတယ်။ ပွဲတော်ရောက်အမှတ်တရ ဓာတ်ပုံတွေလည်း ရိုက်ပြီးပါပြီ။ စျေးဆိုင်တန်းတွေမှာလည်း  မန္တလေးဒေသ အစားအစာတွေဝယ်စားပြီးသွားလို့ အခုကလေးတွေနဲ့ ဖျော်ဖြေရေး မဏ္ဍပ်မှာ သီချင်းသွားနားထောင်မလို့ပါဟု ရန်ကုန်မြို့မှ မိသားစုလိုက်လာရောက်လည်ပတ်သူ ကိုမောင်မောင်မျိုး က ပြောသည်။


ထို့အတူ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှ ပွဲတော်သို့သူငယ်ချင်းများနှင့်အတူ လာရောက်လည်ပတ်ကြသည့် မရီရီတင့်ကလည်း၆၆လမ်းထောင့်မှာရှိတဲ့ စေတီမှာ ဆီမီးတွေဝင်ပြီး ပူဇော်ခဲ့ပါတယ်။ မီးရောင်စုံတွေနဲ့အတူ အမှတ်တရဓာတ်ပုံတွေ အားရပါးရရိုက်ခဲ့ကြတယ်။ ကျုံးနဲ့နီးတဲ့ဒီနေရာမှာ မီးထွန်းပွဲတော်ကျင်းပတာ၊ ဓာတ်ပုံ ရိုက်ရတာအဆင်ပြေလို့ သဘောကျပါတယ်။ အခုဖျော်ဖြေရေးမဏ္ဍပ်မှာ သီချင်းဆိုတာသွားအားပေးတော့မယ်ဟု ပြောသည်။


သီတင်းကျွတ်ပွဲတော်ကာလသည် ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်ရှည်ကာလဖြစ်သည့်အတွက် မန္တလေးမြို့သို့ ဒေသခံပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ  ခရီးသွားများပါ လာရောက်လည်ပတ်ကြသဖြင့် မြို့တွင်းရှိ တန်ခိုးကြီးဘုရားများ၊ အထင်ကရ အပန်းဖြေ နေရာများတွင် ခရီးသွားများဖြင့် စည်ကားလျက်ရှိသည့်အပြင် ညပိုင်းတွင်လည်း သီတင်းကျွတ် မီးထွန်းပွဲတော်ကျင်းပရာ ကျုံးတောင်ဘက်ခြမ်းသို့ လာရောက် ပါဝင်ဆင်နွှဲကြ သဖြင့် နေ့ညမပြတ်စည်ကားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.