တပ်ကုန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ အိုးအိမ်ပြန်လည်ထူ‌ထောင်ရေး အတွက် ရန်ပုံငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်




နေပြည်တော်     အောက်တိုဘာ ၁၈


အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် နေပြည်တော်ကောင်စီဝင်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ အောင်ဆန်းခန်းမ၌ ကျင်းပသည့် ရေဘေးသင့်အိမ်ထောင်စုများသို့ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်း အနားသို့ တက်ရောက် ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများအပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရမှ ကူညီထောက်ပံ့ ဆောင်ရွက်ပေးနေမှု အခြေအနေနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မှုအခြေအနေများကို ရှင်းလင်း ပြောကြားပြီး ရာဂီမုန်တိုင်း ဆက်စပ်ရေဘေးကြောင့် လုံးဝမျောပါ/ ပျက်စီးခဲ့ကြ‌သည့် နေအိမ်များအတွက် တစ်အိမ်လျှင် ငွေကျပ် (၂၃)သိန်း (၅)သောင်းနှုန်းဖြင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှု ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် သိန်း (၁၃၁၆၀)နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။


ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်များအတွက် တစ်အိမ်လျှင် ငွေကျပ် (၁၇)သိန်း (၅)သောင်းနှုန်းဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် (၆၃၃၅)သိန်းကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက စည်သွပ်ဘူးနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြပြီး ရေဘေးသင့်မိသားစု များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက် ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ရေဘေးသင့် ပြည်သူများအား စားသောက်ဖွယ်ရာများ ပေးဝေသည်။


ဆက်လက်၍ တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာ၌ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သော အခြေခံပညာ အထက်တန်းကျောင်းခွဲ စာသင်ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ရှောက်ကုန်းကျေးရွာအတွင်း ရေကြီး နစ်မြုပ်မှုဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်များ အား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေဖြင့် နေအိမ်များ ပြန်လည်ဆောက်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments

Powered by Blogger.