(၁၀၄)ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီ လှည့်လည်ပူဇော်ပွဲကျင်းပ
နေပြည်တော် အောက်တိုဘာ ၁၈
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့ (၁၀၄)ကြိမ်မြောက် မြို့နယ်လုံး ဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီ လှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပျဉ်းမနားမြို့နယ် နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားများ စံကျောင်းတော် တပ်တွင်းဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့် ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ နေပြည်တော် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ (၁၀၄)ကြိမ်မြောက် မြို့နယ် လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီပူဇော်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များဒေသစာရီ ကြွချီ လှည့်လည်ပူဇော်ပွဲအတွက် နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် အလှူငွေ ကျပ် သိန်း ၃၀ ကို လည်းကောင်း၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အလှူငွေကျပ် ၁၀ သိန်းကို လည်းကောင်း ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် (၁၀၄)ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွား တော်များ ဒေသစာရီ ကြွချီလှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ ဒုတိယမြို့တော်ဝန်နှင့် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညို၍ အလှူငွေများနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ကြသည်။
နေပြည်တော် ပျဉ်းမနားမြို့တွင် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်တိုင်း ကျင်းပပြုလုပ်သည့် နှစ်ကျိပ် ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီ ကြွချီလှည့်လည် ပူဇော်ပွဲသည် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ်ပြီး ရပ်နီး၊ ရပ်ဝေးရှိ ပြည်သူအများမှ လာရောက်ဖူးမြော်ကြည်ညိုကြသူများဖြင့် အထူးစည်ကားလှသည့် ဘာသာရေးပွဲတော် တစ်ခုဖြစ်ကာ မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွား တော်များ ဒေသစာရီကြွချီလှည့်လည်ပူဇော်ပွဲကို ရုပ်ပွားတော်များ ပင့်ဆောင်အပူဇော်ခံမည့် အလှပြယာဉ် များတွင် ရောင်စုံလျှပ်စစ်မီးများ ထွန်းညှိပူဇော်ပြီး မြို့နယ်အတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည် အပူဇော်ခံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
No comments