ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ခရီးသွားဝင်ရောက်မှုများပြား၍ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းပွင့်လန်း
ရန်ကုန် အောက်တိုဘာ ၁၈
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် သီတင်းကျွတ်ပွဲတော်ကာလ၌ ဘုရားဖူးခရီးသွားများ ဟိုတယ်နှင့်တည်းခိုခန်း အခန်းပြည့်မှာယူမှုရှိခဲ့ပြီး လပြည့်နေ့တွင် မျှော်မှန်းထားသည်ထက် ခရီးသွား ဝင်ရောက်မှုများခဲ့ရာ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ပွင့်လန်းခဲ့ကြောင်း သိရသည်။
“ဒီနှစ် ပြည်တွင်းခရီးသွား ထင်ထားတာထက်ပိုများတဲ့အတွက် အားလုံးဝမ်းသာနေ ကြတာပါ။ စျေးဆိုင်၊ လက်ပန်းချီနဲ့ မြင်းလှည်းတွေလည်း အဆင်ပြေကြတယ်။ ဘုရားတစ် ဆူကိုသွားရင် ကျပ်တစ်သောင်းနဲ့ ဧရာဝတီမြစ်ဘေးက ရွှေကွန်ခြာဘုရားဆိုရင် ကျပ်တစ် သောင်းခွဲ ပေးရပါတယ်။ သဗ္ဗညုနဲ့ အာနန္ဒာကို သွားကြတာများတယ်။ ပြည်တွင်းခရီးသွား ပိုမိုဝင်ရောက်လာတာကြောင့် အားလုံးကိုကျေးဇူးတင် ပါတယ်။ ပုဂံမှာ မြင်းလှည်းစီးရတဲ့အရသာကို ပြည့်ပြည့်ဝဝခံစားနိုင်အောင် ကျွန်တော်တို့ မြင်းလှည်း သမားတွေက ဝန်ဆောင် မှုကောင်းတွေ ပေးနေပါတယ်။ ခရီးသွားရာသီအစ ကောင်းမွန်တာကြောင့် ဒီနှစ် ပုဂံမှာ ခရီးသွားများမယ့်သဘောပါ။ ပုဂံဒေသက ဘုရားဖူးပြည်သူအပေါင်းကို နွေးထွေးလှိုက်လှဲ စွာကြိုဆိုနေပါတယ်။ ဒေသခံတွေ စီးပွားရေးအခွင့်အလမ်းကောင်းမွန်တဲ့အတွက် ဝမ်းသာ နေကြပါ တယ်”ဟု သဗ္ဗညုမြှင်းလှည်းဂိတ် တာဝန်ခံ ဦးမင်းသူဆွေ က ပြောသည်။
သီတင်းကျွတ်ပွဲတော်ကာလ၌ အဖိတ်နေ့၊ လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့တို့တွင် ခရီးသွား အများဆုံး ဝင်ရောက်လေ့ရှိပြီး လပြည့်နေ့၌ ပုဂံဒေသတွင် တစ်နှစ်လျှင် တစ်ကြိမ်သာတွေ့မြင်ရသည့် လရောင်ဆမ်းသော ညပိုင်းသဘာဝအလှနှင့် ဆီမီးရောင်စုံဖြင့် ကြည်ညိုဖွယ်ဘုရား၊ စေတီများကို ကုသိုလ်ယူကြည့်ရှုလိုမှုကြောင့် သီတင်းကျွတ် လပြည့်နေ့တွင် ခရီးသွားဝင်ရောက်မှုများခြင်းဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့တွင် နိုင်ငံခြားခရီးသွားထက် ပြည်တွင်းခရီးသွား ပိုမိုဝင်ရောက်ခဲ့ပြီး ဘုရားဖူး ခရီးသွားများ မြင်းလှည်းစီး၍ ဘုရား၊ စေတီလှည့်လည်ဖူးမြော်နိုင်ရန် သဗ္ဗညုနှင့် အာနန္ဒာဘုရားအနီး၌ ဂိတ်များဖွင့်လှစ်၍ မြင်းလှည်းအစီး ၁၀၀ ဖြင့် ဘုရားဖူးပြည်သူများအား ဝန်ဆောင်မှုကောင်းများ ပေးခဲ့ပြီး ဒေသခံများမျှော်မှန်းထားသည်ထက် ခရီးသွားဝင်ရောက်လာမှုကြောင့် ဒေသခံများ အလုပ် အကိုင်အခွင့်အလမ်း ပွင့်လန်းခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - ဇွဲမာန်
- သစ္စာ(MNA)

No comments