၂၀၂၄ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ


နေပြည်တော်   အောက်တိုဘာ   ၁၆


ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၌ နှစ်စဉ် အောက်တိုဘာ (၁၆)ရက်တွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့စားနပ် ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးလှမိုးနှင့် ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဦးစီးဌာနများ တက္ကသိုလ်များမှ ဌာနအကြီး အကဲများ၊ အရာထမ်း အမှုထမ်းများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO မှ ယခုနှစ် ထုတ်ပြန်ချက်များအရ ကမ္ဘာ့အစားအစာလိုအပ်ချက်၏ သုံးပုံတစ်ပုံကို လုပ်ကွက်ငယ်တောင်သူများက ထုတ်လုပ်လျက်ရှိပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ကျေးလက်ဒေသများရှိ ဆင်းရဲနွမ်းပါးသူများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများ၏ အထွက်နှုန်းနှင့် ထုတ်လုပ်မှုစွမ်းအားကို ထိခိုက်စေလျက်ရှိကြောင်း၊ လူဦးရေ သန်းပေါင်း ၆၀၀ ခန့်သည် ကျန်းမာရေးဆိုင်ရာပြဿနာများကို ခံစားရပြီး ၄ သိန်းကျော်သည် ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များကြောင့် နှစ်စဉ်သေဆုံးလျက်ရှိပါကြောင်း၊ ကမ္ဘာတစ်ဝန်း ရိတ်သိမ်းချိန်နှင့် သယ်ယူပို့ဆောင်ချိန်တွင် အစားအစာထုတ်လုပ်မှု၏ ၁၃ ရာခိုင်နှုန်းမှာ ဆုံးရှုံးနေပြီး လက်လီရောင်းချခြင်းနှင့် စားသုံးခြင်းအဆင့်မှာ ၁၉ ရာခိုင်နှုန်း အလေအလွင့် ဖြစ်ပေါ်နေ လျက်ရှိပါကြောင်း။

 

 မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းပြည်သာယာဝပြော ရေးနှင့် စားရေရိက္ခာ ပေါများရေး စသည့် အမျိုးသားရေးလုပ်ငန်းစဉ်()ရပ်ကို  ချမှတ်ထားပြီး လယ်ယာကဏ္ဍ၏ ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ပြည်သူများအတွက် အာဟာရ ပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားရေရိက္ခာများထုတ်လုပ်နိုင်စေရန် လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒများ၊ စိုက်ပျိုးရေးဆိုင်ရာမဟာဗျူဟာ၊ နှစ်တိုနှစ်ရှည် စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း။

 

သီးနှံမျိုးစုံ စိုက်ပျိုးနိုင်သည့်မြေ ဧရိယာ ဟက်တာ ၁၂ သန်းခန့်ရှိသည့် မြန်မာနိုင်ငံတွင် စပါး၊ အစေ့ထုတ် ပြောင်း၊ ဆီထွက်သီးနှံများ၊ ပဲမျိုးစုံသီးနှံများ၊ စက်မှုကုန်ကြမ်းသီးနှံများ၊ စားဖိုဆောင် သီးနှံများ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အစရှိသည့် သီးနှံအ မျိုးပေါင်း ၆၁ မျိုးခန့်ကို နှစ်စဉ် စိုက်ပျိုး ထုတ်လုပ်လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်၌ စပါးသီးနှံ စိုက်ဧရိယာ ဟက်တာ ၇ ဒသမ ၁၈ သန်းကျော်တွင် အထွက် မက်ထရစ်တန် ၂၉ ဒသမ ၉၄ သန်းကျော်၊ ဆီထွက်သီးနှံများ စိုက်ဧရိယာ ဟက်တာ ၃ ဒသမ ၃၄ သန်းကျော်တွင် အထွက် မက်ထရစ်တန် ၃ ဒသမ ၂၃ သန်းကျော်နှင့် ပဲမျိုးစုံသီးနှံများ စိုက်ဧရိ ယာဟက်တာ ၂ ဒသမ ၇၆ သန်းကျော်တွင် အထွက် မက်ထရစ်တန် ၄ ဒသမ ၁၃ သန်းကျော် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ သား ငါး မွေးမြူ ထုတ်လုပ်မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အသား မက်ထရစ်တန် ( ဒသမ ၂၄) သန်း၊ နို့ မက်ထရစ်တန် ( ဒသမ ၁၉) သန်းနှင့် ဥအလုံးရေ သန်းပေါင်း (,၀၁၂,၄၆၉) ထုတ်လုပ်နိုင်ခဲ့ ပါကြောင်း၊ အလားတူ ရေချို ရေငန်ဖမ်းဆီးထုတ်လုပ်မှုနှင့် မွေးမြူရေးလုပ်ငန်းများမှ စုစုပေါင်း ငါးပုစွန် ပိဿာ သန်း(၃၈၇၀)ကျော် ထုတ်လုပ်နိုင်ခဲ့သည့်အပြင် ငါးသယံဇာတ မပြုန်းတီးစေရေးအတွက် မြစ်ကြီးများ၊ သဘာဝမြစ်ချောင်းများ အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအား နှစ်စဉ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်အတွင်း ငါး ပုစွန်သားပေါက် ကောင်ရေ (၅၅၁) သိန်းကျော်အား မျိုးစိုက်ထည့်နိုင်ခဲ့ပါကြောင်း။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက် စေရေး တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ (၂၈၆ ဒသမ ) ဘီလီယံဖြင့် မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံများ စိုက်ပျိုးခြင်းအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ သီးနှံများ တိုးချဲ့စိုက်ပျိုးရေးစီမံကိန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုပြင် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေ (၃၂) ဘီလီယံဖြင့် တိုင်းဒေသကြီးပြည်နယ်အသီးသီးတွင် အသားတိုး ကြက်၊ ဥစားဘဲနှင့် အသားတိုးဝက် မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်း များကိုလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ( ဒသမ ၆၀၄) ဘီလီယံဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း

 

သို့ဖြစ်ပါ၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့  အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သော "ပိုမိုကောင်းမွန်သည့် ဘဝနှင့် အနာဂတ်ရရှိရေး လူသားတိုင်း စားရေရိက္ခာ ပြည့်မီအောင် ဖြည့်ဆည်းပေး" (Right to Foods for a Better Life and a Better Future) ဆောင်ပုဒ်နှင့်အညီ လူသားတိုင်းတစ်ဦးမကျန် လုံလောက်သော စားရေရိက္ခာ ရပိုင်ခွင့်၊ ပိုမိုကောင်းမွန်သော ထုတ်လုပ်မှုနှင့် အာဟာရ၊ ပိုမိုကောင်းမွန်သော လူမှုဘဝနှင့် ပတ်ဝန်းကျင်တို့ ရရှိစေရေးအတွက် စိုက်ပျိုးရေး စားရေရိက္ခာစနစ် အသွင်ကူးပြောင်းရန်၊ ရင်းနှီးမြှုပ်နှံမှုများနှင့် တီထွင်ဆန်းသစ်မှုများ မြှင့်တင်ရန်၊ စိုက်ပျိုးရေး စားရေရိက္ခာစနစ်တွင် ပါဝင်ပတ်သက်သူများ အချင်းချင်း ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အီတလီနိုင်ငံ၊ ရောမမြို့ရှိ FAO ဌာနချုပ်မှ ညွှန်ကြားရေးမှူးချုပ်၏ သတင်းဗီဒီယိုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ကမ္ဘာ့စားနပ် ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနား မှတ်တမ်းဗီဒီယိုကို သီးနှံ၊ သားငါးကဏ္ဍ စိုက်ပျိုးထုတ်လုပ်နေမှု ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ပြသခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.