ဒုတိယဝန်ကြီး ဦးမြင့်စိုး ပျဉ်းမနားမြို့နယ် ကျွန်းဦးခေတ်မီစံပြကျေးရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



နေပြည်တော်  အောက်တိုဘာ  ၁၆


အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် နေပြည်တော် ကောင်စီနယ်မြေ၊ မြို့နယ် (၃) ခုအတွင်းမှ ကျေးရွာ(၄) ရွာရှိ ရေဘေးသင့် နေအိမ်များအနက် အလုံးစုံပြန်လည် ပြင်ဆင်ရမည့် နေအိမ်(၃၄) လုံး၊ တစ်စိတ်တစ်ပိုင်း ပြင်ဆင်ခြင်း (၁၀) လုံး၊ စုစုပေါင်း (၄၄) လုံးကို အလှူရှင် CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ လှူဒါန်းငွေ ကျပ်သိန်း (၃၀၀၀) ဖြင့်ဆောင် ရွက်ပေးမည်ဖြစ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ဆင်သေ ကျေးရွာအုပ်စု၊ ကွက်သစ်ကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နေအိမ်များ ပန္နက်တင် ပြန်လည်တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး နေအိမ်ထိခိုက်ပျက်စီး သွားသော ရွာသူရွာသားများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ယနေ့စတင်ဆောက် လုပ်မည့်အိမ်ကို ပန္နက်ရိုက်ခြင်း၊ တိုင်ထူခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။  


ထို့နောက် တစ်စိတ်တစ်ပိုင်းပြင်ဆင်ပေးရမည့် အိမ်များကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းမှာကြား သည်။ ဆက်လက်၍ ကျွန်ဦးကျေးရွာ ဘက်စုံသုံးခန်းမသို့သွားရောက်၍ ကျွန်းဦးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူ (၁၇)ဦးနှင့်တွေ့ဆုံကာ အသင်းသားပိုင်စိုက်ပျိုးမြေ (၅၈ ဒသမ ၅) ဧကတွင် ဆောင်းသီးနှံမတ်ပဲစိုက်ပျိုးရေး ညှိနှိုင်းဆွေးနွေးပြီး မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည် များအသင်းက လှူဒါန်းထားသော မတ်ပဲမျိုး (၅၈၅) ပိဿာကို တောင်သူများထံပေးအပ်ကာ အသင်းသားတောင်သူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။


ယင်းနောက် ဒုတိယဝန်ကြီးသည် ကျွန်းဦး ခေတ်မီစံပြကျေးရွာ (Smart Village) ၏ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သော ပဲကြော်၊ ပဲလှော်ဖို (၄၉)ဖိုအနက် (၄၂)ဖို ပြန်လည်ပြုပြင်ပြီးစီးမှုနှင့် လုပ်ငန်းများ စတင် လည်ပတ်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။ အဆိုပါကျေးရွာတွင် သဘာဝရေဘေးကြောင့် ပဲကြော်၊ ပဲလှော်ဖို လုပ်ငန်းများနှင့် အခြားထုတ်ကုန်လုပ်ငန်းများ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ သမဝါယမဦးစီးဌာနက တန်ဖိုးမြှင့်ကုန်ထုတ် သမဝါယမအသင်း (၁၈)သင်း ဖွဲ့စည်းပေးပြီး အသင်းသား(၁၁၈)ဦး၏ ပဲကြော်၊ ပဲလှော်၊ စာလေးခွေ၊ ဆီစက်လုပ်ငန်းများအတွက် ငွေကျပ်သိန်း (၁၄၅၀)ကို သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပေး သည်။ ယင်းသို့ ဆောင်ရွက်ပေးခြင်းကြောင့် ပဲလှော်ဖိုများ ပြန်လည်ပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်း လုပ်ငန်းများ ပြန်လည်စတင်လည်ပတ်နိုင်ပြီ ဖြစ်သည်။


ထိုမှတဆင့် ကျွန်းဦးကျေးရွာ အဝင်လမ်းတွင် ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် မူလကွန်ကရစ်ပြွန်ဟောင်း နေရာ၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အကျယ် ၂ ပေ၊ အရှည် ၂၀ ပေရှိ ရေပြွန် ၂ စင်းတွဲ ပြန်လည် ပြုပြင်တည်ဆောက်ခြင်း၊ ကျွန်းဦးမှဈေးကုန်းသို့ သွားရောက်သည့် လမ်းပေအရှည် ပေ(၂၇၀၀)တွင်  လမ်းပခုံးပဲ့ကျ သွားသောနေရာအား လမ်းပခုံးကျောက်ရော မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.