နေပြည်တော် ပျဉ်းမနားမြို့နယ် အတွင်းရှိ ရေဘေးသင့်ပြည်သူများအိုးအိမ်ပြန်လည်ထူ‌ထောင်ရေးအတွက် ရံပုံငွေနှင့် စားသောက် ဖွယ်ရာများထောက်ပံ့ပေးအပ်



နေပြည်တော်      အောက်တိုဘာ    ၁၆


ရေဘေးသင့်အိမ်ထောင်စုများသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများအပေါ် နိုင်ငံတော်အနေဖြင့် နိုင်ငံ၏အရင်းအမြစ်ကိုမူတည်၍ ဘေးသင့်ပြည်သူများ မူလအခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိစေရန် အဖက်ဖက်မှစီစဉ် ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားကာ ရေဘေးကြောင့် နေအိမ်များမျောပါ၊ ပျက်စီးခဲ့ကြ‌သည့် နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ဆင်သေ ကျေးရွာနှင့် ကျွန်းဦးကျေးရွာအုပ်စုများမှ အိမ်ခြေ လုံးဝမျောပါပျက်စီးခဲ့သည့် နေအိမ်(၁၀၄)လုံးအတွက် တစ်အိမ်လျှင်ငွေကျပ် (၂၃)သိန်း(၅)သောင်းနှုန်းဖြင့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် (၂၄၄၄)သိန်းနှင့်  အမျိုးသားသဘာဝ ဘေးစီမံခန့်ခွဲမှုရံပုံငွေဖြင့် ဝယ်ယူခဲ့သည့် အသား၊ ငါး၊ ပဲစည်သွပ်ဘူးများ၊ ခေါက်ဆွဲခြောက် ထုပ်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဌက နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေဘေးသင့်နယ်မြေများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားကာ  တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၄၁၇)လုံးအတွက် တစ်အိမ်လျှင်ငွေကျပ် (၁၇)သိန်း(၅)သောင်းနှုန်းဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ ငွေကျပ် (၇၂၉၇ ဒသမ ၅)သိန်းနှင့် စည်သွပ်ဘူးနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ရေဘေးသင့်မိသားစုများကို  ရင်းရင်းနှီးနှီးတွေ့ ဆုံနှုတ်ဆက်သည်။


ယနေ့အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဘေးသင့်နေအိမ်များ ပြုပြင် တည်ဆောက်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရံပုံငွေမှ ငွေကျပ် (၉၇၄၁ ဒသမ ၅)သိန်း၊ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု ရံပုံငွေဖြင့်ပင် ဝယ်ယူခဲ့သည့် ငွေကျပ်သိန်း (၅၄၀၀)ကျော် တန်ဖိုးရှိ အသား၊ ငါး၊ ပဲစည်သွပ် ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ပြည်တွင်း/ပြည်ပ အလှူရှင်များက လှူဒါန်းထားသော အသုံးအဆောင်ပစ္စည်းတို့ကို ဘေးသင့်ပြည်သူများထံသို့ စနစ်တကျ ထောက်ပံ့ပေး အပ်ကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ရေကြီးနစ်မြုပ် မှုဒဏ်ခံစား ခဲ့ရသည့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ သန့်ရှင်းရေးဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ကျောင်းသား ကျောင်းသူများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိ‌ရေးနှင့် ပညာသင်ကြားရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.