သီတင်းကျွတ်လပြည့်နေ့ အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား လျှပ်စစ်မီးစေတီများ လှည့်လည်ပူဇော်ဆက်ကပ်ပွဲနှင့် ဆီမီးတစ်သောင်းတစ်ထောင် စုပေါင်းထွန်းညှိပူဇော်ဆက်ကပ်ပွဲကျင်းပ



ရန်ကုန်   အောက်တိုဘာ   ၁၆


ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ် သီတင်းကျွတ် လပြည့်နေ့အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား လျှပ်စစ်မီးစေတီများ လှည့်လည်ပူဇော် ဆက်ကပ်ပွဲနှင့် ဆီမီးတစ်သောင်းတစ်ထောင် စုပေါင်းထွန်းညှိပူဇော်ဆက်ကပ်ပွဲကို ယနေ့ညပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်၌  ကျင်းပသည်။


ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကရုံးဝန်ထမ်းများ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများက ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ ဗုဒ္ဓရုပ်ပွားတော်နှင့် လျှပ်စစ်မီးစေတီများ ပင့်ဆောင်လျက် ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။


 ထို့နောက် လျှပ်စစ်မီးစေတီများ စုပေါင်းပူဇော်ဆက်ကပ်ပွဲကို ရွှေတိဂုံစေတီတော် ရင်ပြင် ရာဟုထောင့် အောင်မြေ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ဗုဒ္ဓရုပ်ပွားတော်နှင့် လျှပ်စစ်မီးစေတီများကို ပန်း၊ ရေချမ်း၊ ဆီမီးနံ့သာများ ဆက်ကပ်လှူဒါန်းကြသည်။


ယင်းနောက် နီလာ နီလာအစချီသော မဟာပဋ္ဌာန်း ရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ခြင်း၊သောဝဏ္ဍိကံအစချီသော ရွှေတိဂုံဘုရားရှိခိုး ဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာ ကပ်လှူပူဇော်ခြင်း၊ဘဂဝန် ဘုန်းလှိုင်အစချီသော မဟာပဋ္ဌာန်းတိုက်တွန်းလွှာဖြင့် ရွတ်ဆိုတိုက်တွန်းခြင်း၊ မဟာပဋ္ဌာန်း ပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသပါဠိတော်ကို ရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်းအမျှဝေ၊ သာဓုခေါ်ဆိုခြင်းတို့ ဆောင်ရွက်ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများက စုပေါင်း၍ ရွှေတိဂုံစေတီတော်ရင်ပြင်တော် ပတ်လည်ရှိ ဆီမီးခုံများ၌ ဆီမီးများ ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းကြကြောင်း သတင်းရရှိသည်။

သတင်းနှင့် ဓာတ်ပုံ ဇော်မင်းလတ်(MNA)

No comments

Powered by Blogger.