နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် ပုဗ္ဗသီရိမြိုနယ်ရှိ သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်းတိုက် ဆရာတော်နှင့် မှန်ကျောင်းတိုက် ဆရာတော်တို့အား သွားရောက်ဖူးမြော်ကြည်ညို၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း



နေပြည်တော်  အောက်တိုဘာ  ၁၆


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမင်းဦး တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြိုနယ်ရှိ သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်းတိုက် ဆရာတော်နှင့် မှန်ကျောင်းတိုက် ဆရာတော်တို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။


ဦးစွာ ‌ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော်ပုဗ္ဗသီရိမြို့နယ်ရှိ သီရိမင်္ဂလာဥသျှစ်ကုန်း ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယနှင့် ကျည်တောင်ကန်(၂)ရပ်ကွက်အတွင်းရှိ မှန်ကျောင်းတိုက်ဘုန်းတော်ကြီးကျောင်း ပဓာန နာယက ဆရာတော် ဘဒ္ဒန္တပရမတို့ကို သွားရောက်ဖူးမြော် ကြည်ညိုပြီး ကိုးပါးသီလခံယူဆောက်တည်ကာ ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။


ထို့နောက် သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ ပရိသတ်များက အနုမောဒနာ တရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာ ကျေးရွာအတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပေါက်တောကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင်သစ် တည်ဆောက်နေမှု အခြေအနေများ၊ ပေါက်တောကျေးရွာနှင့် ဝက်ကုန်းကျေးရွာကြား ရေစီးရေလာ ကောင်းမွန်စေရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.