နေပြည်တော်ကောင်စီက ကြီးမှူး၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ဆီမီး ၃၆၀၀ ထွန်းညှိပူဇော်



နေပြည်တော်   အောက်တိုဘာ   ၁၆


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော် ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်၌ နေပြည်တော်ကောင်စီမှကြီးမှူး၍ ဆီမီး ၃၆၀၀ ထွန်းညှိပူဇော်ပွဲကို ယနေ့ ညနေ ၆ နာရီတွင် ကျင်းပသည်။


ဆီမီး ၃၆၀၀ ထွန်းညှိပူဇော်ပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော် ကောင်စီဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့နှင့် ဝတ်ရွတ်အသင်းအဖွဲ့များ တက်ရောက်ကြပြီး အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆီမီးထွန်းညှိ ပူဇော်ကြသည်။


ထိုသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူး ရဟန်း၊ ရှင်လူပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိ သာသနာ့ ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိ ခေါင်းလောင်းတော်နှင့် ကျောက်စာရုံစေတီတော်များ အပါအဝင် အခြား ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညို လေ့လာခြင်း၊ တရားဘာဝနာပွားများခြင်းနှင့် ဝါကျွတ်ကာလ အခါသမယအဖြစ် ဆီမီးထွန်းညှိပူဇော်ခြင်းများ ဆောင်ရွက်ကြသည်။


သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင်လည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်တွင် နေပြည်တော်ကောင်စီကကြီးမှူး၍ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်ပွဲကို ဆက်လက်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.