တရားမဝင် သစ်မျိုးစုံ၊ ရေနံစိမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ



နေပြည်တော်၊ အောက်တိုဘာ ၁၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။


အောက်တိုဘာ ၁၄ ရက်တွင် ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁,၂၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Mitsubishi Fuso Truck (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၀၀၀,၀၀၀)ကို လည်းကောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာ (၇)လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄,၆၀၈,၀၃၅) ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၁၃)လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂၇,၃၂၁,၀၆၁)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၄၁,၁၂၉,၀၉၆)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် အောက်တိုဘာ ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ချောက်မြို့၊ အမှတ်(၄)၊ လွတ်လပ်ရေးရပ်ကွက်၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ရေနံစိမ်း (၂၇၀)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၅,၀၀၀)နှင့် အဆိုပါရေနံစိမ်းများ တင်ဆောင်လာသည့် Light Truck မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေအရလည်းကောင်း၊ မကွေးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ မော်တော်ယာဉ်(၂)စီးနှင့် မော်တော်ဆိုင်ကယ်(၁၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၂၀၀,၀၀၀) ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ သရက်ခရိုင်နှင့် မင်းဘူးခရိုင်တို့အတွင်း၌ တရားမဝင် မီးသွေး(၆.၃၄) တန်၊ အခြားသစ်(၀.၈၁၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၄,၁၆၀)ကို သစ်တောဥပဒေ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆,၃၄၉,၁၆၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။


ထို့အတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်နှင့် မြေနီကုန်းကားကြီး ဝင်းတို့၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၁၆)မျိုး၊ လူသုံးကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၅၆,၆၇၇,၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Scania Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ရေးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၇,၆၇၇,၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။


ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ (၃၈၆)မိုင်၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၁၃)မျိုး၊ လူသုံးကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၁၈၈,၀၇၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Caravan Mini Bus (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ပြင်ဦးလွင်-မန္တလေးလမ်း၊ (၂၁)မိုင်၌ ရပ်တန့်ထားသော မော်တော်ယာဉ် (၃)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း(၁၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁,၀၇၀,၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace (၂)စီးနှင့် Mitsubishi Pajero (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄,၀၀၀,၀၀၀)ကို လည်းကောင်း၊ စဉ့်ကိုင်မြို့နယ်၊ ပေါ်တော်မူဘုရားအနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၉,၃၄၄)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Mitsubishi Canter Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၈,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၄,၂၆၇,၉၁၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၁၅ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂,၁၂၀,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mahar New Bus (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)နှင့် ဒိုက်ဦးမြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၁၁,၅၀၀)တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ အောက်တိုဘာ ၁၆ ရက် တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၉၇၀)တန်၊ အခြားသစ်(၁ ဒသမ ၄၂၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၄၇,၄၁၁)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၇၇၈,၉၁၁)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၄၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၀၄,၂၀၂,၅၈၁) ဖမ်းဆီးရမိခဲ့သည်။ ယနေ့ဖမ်းဆီးရမိမှု များတွင် ဆောက်လုပ်ရေး သုံးပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ တရားမဝင် တင်သွင်းလာမှု တွေ့ရှိရ၍ အရည်အသွေး ပြည့်မီခြင်း မရှိသည့်ပစ္စည်းများကြောင့် သက်ဆိုင်ရာအဆောက်အဦများတွင် နေထိုင်သူပြည်သူများအတွက် ဘေးအန္တရာယ် ကြုံတွေ့ရနိုင်ခြင်းနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်မှုများဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်၍ ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.