အများပြည်သူလူထု ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့မီးရထားက လူစီးရထားများ အချိန်မှန်ကန်ရေး၊ သွားလာမှုအဆင်ပြေစေရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိ



နေပြည်တော်   အောက်တိုဘာ   ၁၆


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထု ရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် အဓိကရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန်-မန္တလေး လမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုန်း လမ်းပိုင်းများတွင်သာမက အခြားလမ်းပိုင်းများဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်း၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်း၊ ရန်ကုန်-ပြည်-ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား- မိုးကောင်းလမ်းပိုင်း၊ လက်ပံတန်း-သာရဝေါလမ်းပိုင်း စသည့်လမ်းပိုင်းများတွင် လူစီးရထားခရီးစဉ် များကို စီစဉ်ပေးလျက်ရှိသည်။


မကြာသေးမီက ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးဒဏ် ရေကြီးရေလျှံမှုကြောင့် ရန်ကုန်-မန္တလေး လမ်းပိုင်း၊ သာစည်-ရွှေညောင်-တောင်ကြီးလမ်းပိုင်းတို့ရှိ အချို့နေရာများတွင် ရထားလမ်း တာပေါင်များ၊ တံတားများ ရေတိုက်စား၍ ပျက်စီးခဲ့ခြင်း၊ မြေပြိုကျ၍ပျက်စီးခြင်း စသည်တို့ကို ကြုံတွေ့ခဲ့ရသော်လည်း မြန်မာ့မီးရထား အနေဖြင့် လမ်းပိုင်းအလိုက် ပျက်စီးမှုများကို ဦးစားပေး၍ ပြုပြင်နိုင်ခဲ့သောကြောင့် အောက်တိုဘာ ရက်မှစ၍ ရန်ကုန်-မန္တလေး ရထားလမ်း တောက်လျောက်ပြန်လည်ဖွင့်လှစ်ပြီး လူစီးရထားများ၊ ကုန်ရထား များကို ပုံမှန်ခရီးစဉ်များအဖြစ် ပြန်လည်ပေးဆွဲပေးနေပြီဖြစ်သည်။


ထို့ပြင် လက်ရှိ သီတင်းကျွတ်ကာလ ရုံးပိတ်ရက်များအတွင်းတွင်လည်း ပြည်သူလူထုနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုပိုမိုအဆင်ပြေစေရေးအတွက် အဓိကလမ်းပိုင်းများဖြစ်ကြသည့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတို့တွင် ပုံမှန်ရထားတွဲဆိုင်းများ၌ ဝန်ချိန်ပြည့် ချိတ်ဆက်ပြေးဆွဲ ပေးခြင်း၊ အထူးရထားခရီးစဉ်များ စီစဉ်၍ တိုးချဲ့ပြေးဆွဲပေးခြင်း စသည်ဖြင့် ရထားများ အချိန်မှန်ကန်ရေး၊ ခရီးသည်များစိတ်ချမ်းမြေ့စေရေးတို့ကို ဆောင်ရွက်ပေး လျက်ရှိသည်။ အထူးသဖြင့် ရန်ကုန်-ပဲခူးလမ်းပိုင်း၌ ခေတ်မီ DEMU တွဲဆိုင်းသစ်ဖြင့် ပြေးဆွဲပေးခြင်းဖြင့်လည်းကောင်း၊  မြန်မာ့မီးရထားရှိ စာတိုက်တွဲအချို့ကို လည်း ပြန်လည်မွမ်းမံ တည်ဆောက်ကာ ရန်ကုန်-မန္တလေးလမ်းပိုင်းနှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ ပြေးဆွဲနေသော အမြန်ရထားများနှင့် ရန်ကုန်-ပြည်လမ်းပိုင်းပြေးဆွဲနေသော စာပို့ရထားခရီးစဉ်များတွင် ချိတ်ဆက်လျက် ချောစာ၊ ချောထုပ်များ၊ စစ်ချော၊ ရဲချောပစ္စည်းများ ပို့ဆောင်ပေးခြင်းဖြင့်လည်းကောင်း ဝန်ဆောင်မှု အဆင့်အတန်းကို တိုးမြှင့်ဖြည့်ဆည်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments

Powered by Blogger.