ဘက်စုံကုန်သွယ်မှုဆိုင်ရာစနစ်နှင့် လွတ်လပ်စွာကုန်သွယ်မှုတို့ကို မြှင့်တင်ဆောင်ရွက်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြောကြား

 


ဖနောင်ပင်   အောက်တိုဘာ   ၁၄

ကမ္ဘောဒီးယားနိုင်ငံသည်  ဘက်စုံကုန်သွယ်မှုဆိုင်ရာစနစ်နှင့်   လွတ်လပ်စွာကုန်သွယ်မှုတို့ကို
မြှင့်တင်ဆောင်ရွက်သွားမည်ဟု   ဝန်ကြီးချုပ် ဟွန်မာနက်က  ယနေ့ပြောကြားသည်။

မြို့တော်ဖနောင်ပင်တွင်    ကျင်းပသည့် ကမ္ဘောဒီးယားနိုင်ငံ   ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက် သည့် နှစ် ၂၀ မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင်  ဝန်ကြီးချုပ်    ဟွန်မာနက်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၁၄၈ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး ထိုသို့ဖြစ်လာခြင်း ကြောင့်  ကမ္ဘာ့နိုင်ငံများနှင့်  ကုန်သွယ်မှုပြုရာတွင်  ကမ္ဘောဒီးယားနိုင်ငံအတွက်   အကျိုးကျေးဇူး များစွာ ရရှိခဲ့ကြောင်း ဝန်ကြီးချုပ် ဟွန်မာနက်က မှတ်ချက်ပြုပြောကြားသည်။  ကမ္ဘောဒီးယား နိုင်ငံသည်   ပြည်ပပို့ကုန်မြှင့်တင်ရာတွင် ကမ္ဘောဒီးယား -တရုတ် လွတ်လပ်စွာ ကုန်သွယ်မှုဆိုင်ရာ  သဘောတူညီချက်အပါအဝင် ဒေသတွင်းပြီးပြည့်စုံသည့် လွတ်လပ်စွာကုန်သွယ်မှုဆိုင်ရာ    သဘော တူညီချက်များကို  အခြေခံ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း   ဝန်ကြီးချုပ်က ထပ်လောင်းပြောကြား သည်။

ကမ္ဘောဒီးယားနိုင်ငံနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြား ပူးပေါင်းဆောင်ရွက်မှုများကြောင့် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘောဒီးယားနိုင်ငံအား ဝင်ငွေ မြင့်မားသည့် နိုင်ငံအဖြစ်သို့ရောက်ရှိရေး ရည်မှန်းချက် ပြည့်မီလာမည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်ဖြစ်လာသဖြင့် ၎င်း၏ ပြည်ပပို့ကုန်များအား အပြည်ပြည်ဆိုင်ရာ  ဈေးကွက်များအထိ  တိုးချဲ့ ရောင်းချနိုင်ပြီး ပို့ကုန်မြှင့်တင်ရေးဆောင်ရွက်နိုင်ခဲ့သည်ဟု    ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ချန်နီမူက ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာတန်ဖိုးသည် ယခုနှစ်ပထမကိုးလတွင် ကန်ဒေါ်လာ ၅ ဒသမ  ၃ ဘီလီယံအထိ ရှိခဲ့သည်။ နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယမန်နှစ်တွင် ကန်ဒေါ်လာ ၄၇ ဒသမ ၈၈ ဘီလီယံအထိ တိုးတက်ခဲ့သည်။   နိုင်ငံ၏   ဆင်းရဲနွမ်းပါးမှုပမာဏသည် ၂၀၀၀ ပြည့်နှစ်တွင် ၆၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းသို့လျော့ကျခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.