နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ အမျိုးသားယဉ်ကျေးမှုအခန်း ကဏ္ဍကနေ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်



ဦးညွန့်ဝင်း

(ညွှန်ကြားရေးမှူးချုပ်၊ အနုပညာဦးစီးဌာန)

ဒီနှစ်ကတော့ ထူးထူးခြားခြား (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပခြင်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကို ဦးတည်ချက် ()ရပ်နဲ့ ကျင်းပခြင်း ဖြစ်ပါတယ်။ ငွေရတုအထိမ်း အမှတ်ဖြစ်တဲ့အတွက် ဖွင့်ပွဲအခမ်းအနားနဲ့ ပြိုင်ပွဲတွေ မှာရောယခင်နှစ်များနဲ့မတူဘဲ တစ်မူထူးခြားဖို့ လမ်းညွှန်ချက်ရှိပါတယ်။ ဖွင့်ပွဲအခမ်းအနားကို အပိုင်းနှစ်ပိုင်းနဲ့ကျင်းပခဲ့တာဖြစ်ပါတယ်။ ခန်းမထဲ အဝင်လျှောက်လမ်းမှာ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်နှစ်ခု ပူးပေါင်းပြီး ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်ဆိုပြီး ခေတ်သုံးခေတ်ကို ကိုယ်စားပြုတဲ့အကနဲ့ ကြိုဆိုခဲ့ပါတယ်။ဒီနှစ်မှာတော့ ထူးထူးခြားခြားအနေနဲ့ တိုင်းရင်းသားရှစ်မျိုးရဲ့ ရိုးရာတူရိယာ ၄၃ မျိုးနဲ့ သံစုံတီးဝိုင်းတီးပြီး ဖွင့်ပွဲအခမ်းအနားကို စတင်ခဲ့တာဖြစ်ပါ တယ်။ ပြိုင်ပွဲကာလမှာလည်း တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ရိုးရာ တူရိယာ တီးခတ်မှုပြိုင်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်က ရည်ရွယ်ချက် ကြီးကြီးမားမား အနှစ်သာရပြည့်ပြည့်ဝဝ စတင်ကျင်းပခဲ့တဲ့ အကျိုးကျေးဇူးရဲ့ အသီးအပွင့်တွေကို အများကြီး ခံစားခဲ့ရပြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်က ယှဉ်ပြိုင် ခဲ့တဲ့ပြိုင်ပွဲဝင်တွေက အခုဆိုရင်အနုပညာ လမ်းကြောင်းပေါ်ကို ပညာရှင်အဆင့်တွေနဲ့ ရပ်တည်နေတာကို တွေ့ရပါတယ်။ ဒါဟာ ထင်သာမြင်သာရှိတဲ့ အသီးအပွင့်တွေကို ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို မျိုးဆက်သစ်လူငယ်တွေက ပိုပြီးလက်တွေ့ သိမြင်ခံစားနေရပြီ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဟာ ကိုယ်ပိုင်ယဉ်ကျေးမှုဖြစ်တယ်၊ ကိုယ်ပိုင်ဟန်ရှိတယ်ဆိုတာကို လူငယ်တွေ မျက်မြင်တွေ့ရပြီဖြစ်တဲ့ အတွက် ဆက်လက်ထိန်းသိမ်းကြပါလို့ တိုက်တွန်းပါတယ်။


မြင်းမူမောင်နိုင်မိုး

(အကဲဖြတ်ပညာရှင်၊ကွက်စိပ်၊ အရေးဘာသာရပ်)

ကျွန်တော်တို့အနေနဲ့ ပြိုင်ပွဲဝင်တွေ ယှဉ်ပြိုင်နိုင်ဖို့အတွက် ခေတ်ကာလရဲ့အခြေအနေနဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး သင့်လျော်တဲ့ ဇာတ်တော်တွေထဲကနေထုတ်နုတ်ပြီး ရွေးချယ်ပေးရပါတယ်။ ကွက်စိပ်မှာတော့တိုင်းဒေသကြီးနဲ့ ပြည်နယ်ရှစ်ခုလောက်က ပြိုင်ပွဲဝင်တွေဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အရေးမှာတော့ ပြိုင်ပွဲဝင်အရေအတွက် ၃၀ ဝန်းကျင်ရှိပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်မှာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ကျင်းပလာခဲ့တာဒီနှစ်ဆို သုံးနှစ် ဆက်တိုက်ရှိပါပြီ။ အခုပြိုင်ပွဲကြီးကို တိုင်းရင်းသားတွေ အများကြီးလာကြတယ်။ အနယ်နယ်အရပ်ရပ်က လူငယ်တွေယှဉ်ပြိုင်ကြတယ်။ ဒီလူငယ်တွေဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာကို ချစ်မြတ်နိုးပြီး အမျိုးသားရေးစိတ်ဓာတ်ထက်သန်စွာနဲ့ ကိုယ့်အမွေအနှစ်ကို ထိန်းသိမ်းချင်တဲ့ အတွေးအမြင်တွေရှိတဲ့ လူငယ်တွေဖြစ်ပါတယ်။ဒါကြောင့်လူငယ်တွေအနေနဲ့ မိမိသိရှိထားတဲ့အတွေးအမြင်တွေကို ကျန်တဲ့လူငယ်တွေကို ပြန်လည်ဖြန့်ဝေပေးမယ်ဆိုရင် အမျိုးချစ်တဲ့စိတ်၊ ဘာသာသာသနာချစ်တဲ့စိတ်နဲ့ ယဉ်ကျေးမှုကိုချစ်တဲ့စိတ်တွေ တိုးပွားလာမယ်လို့ မျှော်လင့်ပါတယ်။


ဒေါက်တာထင်လင်းအောင်

(အုပ်ချုပ်သူ၊ ဧရာဝတီတိုင်းဒေသကြီး)

ကျွန်တော်တို့ တိုင်းဒေသကြီးအနေနဲ့အခု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြိုင်ပွဲဝင် ၂၆၄ ဦးပါဝင်ပြီး ပြိုင်ပွဲ အမျိုးအစားအကုန်လုံးနီးပါးကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဆုတွေရရှိဖို့ကိုလည်း မျှော်မှန်း ထားပါတယ်။ ဆုရရှိဖို့အတွက်လည်း အခုဗဟိုအဆင့် ဝင်မပြိုင်ခင်မှာ ကလေးတွေကို အရည်အသွေးတွေ ပြည့်မီအောင် ဝါရင့်ပညာရှင်ကြီးတွေရဲ့ရှေ့မှာ ထပ်ပြီး အရည်အချင်းစစ်ပြိုင်ပွဲတွေ ထပ်လုပ်ပေးပါတယ်။ သူတို့တွေ ပြိုင်ပွဲအပေါ်မှာ ယုံကြည်မှုတွေရှိလာအောင် လေ့ကျင့်ပြင်ဆင်ပေးခဲ့ပါတယ်။ ဒီနှစ်က ငွေရတုအထိမ်းအမှတ်လည်း ဖြစ်တော့ အရင်နှစ်နဲ့မတူအောင် တစ်မူထူးထူးခြားခြားနဲ့ ပြင်ဆင်ထားတဲ့အပိုင်းတွေလည်း ရှိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီလက်ထက်မှာ ပြိုင်ပွဲကြီးကို ကျင်းပ လာတာ ဒီနှစ်နဲ့ဆို သုံးနှစ်ဆက်တိုက်ရှိပါပြီ။ အခုလို ပြိုင်ပွဲတွေကိုကျင်းပပေးတဲ့အတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ အလွန်ကိုဂုဏ်ယူမိပါတယ်။ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်တွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရာရောက်တဲ့ ဒီပွဲကြီးကို ကျင်းပပေးတဲ့ နိုင်ငံတော် အစိုးရကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါ တယ်။ နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ ကိုယ်ပိုင်ယဉ်ကျေးမှု တွေရှိကြပါတယ်။ ရိုးရာယဉ်ကျေးမှု မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့အတွက် ဝမ်းသာမိပါတယ်။ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာအမျိုးသားယဉ်ကျေးမှုအခန်း ကဏ္ဍကနေ တစ်တပ်တစ်အားပါဝင်နိုင်ဖို့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။


တက္ကသိုလ်လဲ့လဲ့

(အကဲဖြတ်ပညာရှင်၊ အဆိုဘာသာရပ်)

(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မားရေး ဘာသာရပ်ရဲ့ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။ ငွေရတု၊ ရွှေရတုဆိုတာ သက်တမ်းအရလည်း မီရမယ်၊ ပွဲတော်ကြီးကိုလည်း အစဉ်မပျက်ကျင်းပနိုင်ရမယ်။ အားလုံးကလည်း စိတ်ပါဝင်စား စွာနဲ့ ကိုယ့်ရဲ့ ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး နှစ်ပေါင်းများစွာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော် အတွက်လည်း ထူးခြားတဲ့ပွဲကြီးတစ်ပွဲဖြစ်ပါတယ်။ ဒိုင်လူကြီးတွေကလည်း သက်ရှည်ကျန်းမာစွာနဲ့ ပွဲတော်ကြီးမှာ ဆုံတွေ့ရတာဟာ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ကိုယ့်တိုင်းပြည်အတွက်လည်း များစွာဂုဏ်ယူရပါတယ်။ ဒီနှစ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးက အထူးကြိုးစားလာကြတာတွေ့ရပါတယ်။ ရွေးချယ်ရမယ့် ဒိုင်လူကြီးတွေအတွက်အခက်အခဲ ဖြစ်မယ့်နှစ် ဖြစ်မယ်ထင်ပါတယ်။ ဒီပြိုင်ပွဲကြီး အောင်မြင်အောင် တစ်ဖက် တစ်လမ်းက ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူဖြစ်မိပါတယ်။


ဦးမင်းဟန်ဝင်းအောင်

(ဖျော်ဖြေရေး၊ မွန်ပြည်နယ်)

(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးဖွင့်ပွဲမှာ မွန်တိုင်းရင်းသားတို့ရဲ့ ရှေးရိုးရာ ဂီတတူရိယာ ငါးမျိုးနဲ့ သံစုံတီးဝိုင်းမှာ ပါဝင်တီးခတ် ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ဒီသံစုံတီးဝိုင်းမှာ မွန်ပြည်နယ်က ငါးဦး၊ အခြားတိုင်းရင်းသား ခုနစ်မျိုးနဲ့အတူ တူရိယာ ၄၃ မျိုးနဲ့ ပါဝင်တီးခတ် ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ လူမျိုးတစ်ခုချင်းစီရဲ့ သီချင်း၊ တူရိယာနဲ့ သံစဉ်တွေအလိုက် တီးခတ်ဖျော်ဖြေကြ မှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံးစုပေါင်းပြီးတော့ တီးခတ်ဖျော်ဖြေရတာဟာ ကျွန်တော့်ဘဝမှာ ရော၊ အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတစ်လျှောက်လုံးမှာရော တိုင်းရင်းသားတို့ရဲ့ တေးဂီတရာဇဝင်မှာ တစ်ခါမှ တင်ဆက်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အခု (၂၅)ကြိမ် မြောက်ငွေရတုအထိမ်းအမှတ်ပွဲမှာ နိုင်ငံတော် အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အတူ တိုင်းရင်းသား ဂီတတွေကိုတင်ဆက်ခွင့်ရတဲ့အတွက်များစွာ ဝမ်းသာဂုဏ်ယူမိပါတယ်လို့ ပြောချင်ပါတယ်။


မဆုရတနာ

(အကပြိုင်ပွဲဝင်၊ ရန်ကုန်တိုင်းဒေသကြီး)

ကျွန်မက ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာအကပြိုင်ပွဲနဲ့ ဆိုင်း အဖွဲ့လိုက်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အခု အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း အမျိုးသမီး အကပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ကြိုးစားခဲ့သမျှအားလုံးကို အကောင်းဆုံးချပြယှဉ်ပြိုင်နိုင်ခဲ့လို့ ကျေနပ်အားရမှုရှိပါ တယ်။ ဒီပြိုင်ပွဲအတွက် ဆရာ၊ မိဘနဲ့ သူငယ်ချင်းတွေက ပံ့ပိုးပေးထားလို့ ရွှေတံဆိပ်ဆုကို မျှော်မှန်းထားပါတယ်။ မနှစ်ကတော့ အဖွဲ့လိုက်ဆိုင်းဝိုင်းအဖွဲ့မှာ ငွေတံဆိပ်ဆု ရရှိခဲ့ပါ တယ်။ အကပြိုင်ပွဲကိုတော့ အခုနှစ်မှ ပါဝင်ယှဉ်ပြိုင် တာ ဖြစ်ပါတယ်။ ကိုယ့်မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရတာဟာအများကြီး ဂုဏ်ယူဖို့ကောင်းပါ တယ်။ မောင်လေး၊ ညီမလေးတွေကလည်း မြန်မာ့ရိုးရာကို ချစ်မြတ်နိုးပြီး ဆက်လက်ထိန်းသိမ်းကြပါလို့ ပြောချင်ပါတယ်။ ကိုယ့်ဘဝရဲ့ တက်လမ်းတွေလည်းဖန်တီးပေးနိုင်တဲ့အတွက် ဒီပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ကြပါလို့ တိုက်တွန်းချင် ပါတယ်။ ငွေရတုအထိမ်းအမှတ် ထူးထူးခြားခြား တိုင်းရင်းသားရိုးရာ ဂီတပြိုင်ပွဲကိုလည်း ထည့်သွင်း ကျင်းပတဲ့အတွက် ဗဟုသုတလည်း ရရှိစေတဲ့အပြင် တိုင်းရင်းသားရိုးရာ ဂီတတွေကို ပိုပြီးချစ်မြတ်နိုးရမယ်ဆိုတာ သိလာရပါတယ်။ စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။

No comments

Powered by Blogger.