အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ကျင်းပ



နေပြည်တော် အောက်တိုဘာ  ၁၁


အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ (/၂၀၂၄)ကြိမ်မြောက် အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။


အစည်းအဝေးသို့ အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသား ပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ပို့ကုန်အမယ်တစ်ခုချင်းအလိုက် တင်ပို့ရန် သတ်မှတ်လျာထားချက်များရှိကြောင်း၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှုတွင် ပထမ ၆ လပတ် သတ်မှတ်လျာထား ချက်ထက် ကျော်လွန်အောင်တင်ပို့နိုင်သည်ကို တွေ့ရှိရကြောင်း၊ အခြားပို့ကုန် အမယ် တစ်ခုချင်းအလိုက် သတ်မှတ်လျာထားချက်များကို ပြည့်မီအောင်တင်ပို့နိုင်ရန် လိုအပ်နေကြောင်း၊ ကဏ္ဍအလိုက် လုပ်ငန်းစီမံချက် များကိုဌာနများမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ချိတ်ဆက်ပြီး အကျိုးဖြစ်ထွန်းမည့် လုပ်ငန်းစဉ်များကို ရွေးထုတ်ပြီး ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။


ထို့နောက် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးက အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ကဏ္ဍများမှ Reporting Template ဖြင့် ပေးပို့တင်ပြထားသည့် လုပ်ငန်းအကောင်အထည်ဖော်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကဏ္ဍအလိုက် ကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းစီမံချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments

Powered by Blogger.