လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ



နေပြည်တော်  အောက်တိုဘာ ၁၁


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။


အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ရေဘေးသင့်ဝန် ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရေကြီးရေနစ်မြုပ်မှုများကြောင့် ဝန်ထမ်း မိသားစုများ၏ နေအိမ်၊ အဆောက်အဦများနှင့် အခြားပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံး ခဲ့သဖြင့် ဌာနအကြီးအမှူးများက ရေဘေးဒဏ်သင့် ခံစားခဲ့ရသည့် ဝန်ထမ်းများကို လိုအပ်သည့် ငွေကြေးထောက်ပံ့ပေးမှုများ၊ အဝတ်အထည်များ၊ အိမ်သုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သောက်ရေသန့်နှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် ဝန်ကြီးဌာနအနေဖြင့်လည်း ထောက်ပံ့ငွေများ ထပ်မံပေး အပ်ခြင်းဖြစ်ကြောင်း၊ သဘာဝဘေး၊ ရေဘေးဒဏ်ကြောင့် ရေကြီးရေနစ်မြုပ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ နေအိမ် အဆောက်အဦများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ်၊ မတ်လ မတိုင်မီ ပြီးစီးအောင် စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး ရေဘေးသင့်ဝန်ထမ်း ၁၇၅ ဦးအတွက် ထောက်ပံ့ငွေများ  ပေးအပ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည့် ဝန်ထမ်းများ စွမ်းဆောင်မှု အရည်အသွေး တိုးတက်မြင့်မားစေရေး မွမ်းမံသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး သင်တန်းအသီးသီးတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသားများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments

Powered by Blogger.