အာဆီယံဒေသတွင်း ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ၏အန္တရာယ်ကြောင့် ထိခိုက်ခံစားနေရသူ များအား ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရေးနှင့် စိတ်ကျန်းမာရေး လိုအပ်ချက်များ အထောက်အပံ့ပေးရေး ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ



နေပြည်တော် အောက်တိုဘာ ၁၁

အာဆီယံဒေသတွင်း ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ၏ အန္တရာယ်ကြောင့် ထိခိုက်ခံစားနေရသူများ အား ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရေးနှင့် စိတ်ကျန်းမာရေး လိုအပ်ချက်များ အထောက်အပံ့ပေးရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် Hotel Max ၌ ကျင်းပသည်။


ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံး ယာယီတာဝန်ခံနှင့် ကိုရီးယားသမ္မတနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ သံရုံးကိုယ်စားလှယ်များ၊ အာဆီယံ ဒေသတွင်း မိုင်းလှုပ်ရှားမှုဗဟိုဌာန (ASEAN Regional Mine Action Centre – ARMAC) မှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းနှင့် နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဥက္ကဋ္ဌများ၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်း အဖွဲ့ဝင်များနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။


ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိုင်းအန္တရာယ် ထိခိုက်ခံစားရသူများသည် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများအပြင် စိတ်ပိုင်းဆိုရာထိခိုက်မှုများရှိကြောင်း၊ ယင်းသို့ ထိခိုက်မှုများကြောင့် ၎င်းတို့၏ မိသားစု၊ ပတ်ဝန်းကျင်အပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုများရှိကြောင်း၊ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်း တစ်ခုခုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပြန်လည်ထူထောင်ပေးခြင်းသည် ရေရှည် လုပ်ဆောင်ရမည့် ကိစ္စတစ်ရပ်ဖြစ်ပြီး ခွဲစိတ်ကုသခြင်း၊ ခွဲစိတ်ကုသပြီး နောက်ဆက်တွဲစောင့်ရှောက်ခြင်း၊ အထောက်အကူပြု ပစ္စည်းကိရိယာများပံ့ပိုးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ကုထုံးဖြင့်ကုသခြင်း၊ အသက်မွေးဝမ်းကျောင်း သင်တန်းဖွင့်လှစ် ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်းနှင့် နာကျင် ခံစားမှုလျော့ နည်းစေရန် ဆောင်ရွက်‌ပေးခြင်းစသည့် ဝန်ဆောင်မှုများ လိုအပ်ကြောင်း။

 

ယနေ့ကျင်းပသည့် အမျိုးသားအဆင့် ညှိနှိုင်းအလုပ်ရုံဆွေးနွေးပွဲတွင် ကွင်းဆင်းလေ့လာ တွေ့ရှိချက်များကို အခြေခံ၍ ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများကြောင့် ထိခိုက်ခံစားနေရသူများအတွက် ပိုမိုကောင်း မွန်သော ရှေ့လုပ်ငန်းစဉ်များကို ချမှတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် အာဆီယံဒေသတွင်း မိုင်းလှုပ်ရှားမှုဗဟိုဌာန (ASEAN Regional Mine Action Centre – ARMAC) အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Ms. Rothnia Buthက အမှာစကားပြောကြား၍ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယပိုင်း အစီအစဉ်ကို ဆက်လက်ကျင်းပပြီး မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကူညီထောက်ပံ့ပေးခြင်းနှင့် စပ်လျဉ်းသည့် နိုင်ငံတကာ မိုင်းလှုပ်ရှားမှုစံသတ်မှတ်ချက်များကို ရှင်းလင်းခြင်း၊ ကွင်းဆင်းလေ့လာ တွေ့ရှိချက် များကို ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်သူများက လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ် များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ကြကာ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)



No comments

Powered by Blogger.