မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာခြင်းရှိ မရှိ စောင့်ကြည့်ရန် နိုင်ငံစုံအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရှုတ်ချ
ပြုံယမ်း အောက်တိုဘာ ၂၀
မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့်
ကုလသမဂ္ဂအဖွဲ့၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ပြုံယမ်းက လိုက်နာခြင်းရှိ မရှိ စောင့်ကြည့်ရန်
နိုင်ငံစုံအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး
ချိုဆွန်ဟွိုင်က ရှုတ်ချကြောင်း ယနေ့ပြောကြားသည်။
အထက်ပါကိစ္စနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး
ချိုဆွန်ဟွိုင်က နိုင်ငံပိုင် ကိုရီးယားဗဟို သတင်းအေဂျင်စီမှတစ်ဆင့် ကြေညာခဲ့ကြောင်း
သိရသည်။ ယင်းသို့ နိုင်ငံစုံအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခြင်းသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့်
သွေဖည်ဆန့်ကျင်လျက်ရှိကြောင်းနှင့် မြောက်ကိုရီးယားနိုင်ငံအတွက် တရားမျှတမှု မရှိကြောင်း
ချိုဆွန်ဟွိုင်က ပြောသည်။
ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယားနှင့်
အခြားနိုင်ငံရှစ်နိုင်ငံတို့ ပါဝင်သည့် အဆိုပါစောင့်ကြည့်အဖွဲ့ ဖွဲ့စည်းကြောင်း အောက်တိုဘာ
၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအဖွဲ့တွင်ပါဝင်သည့် နိုင်ငံပေါင်း ၁၁ နိုင်ငံစလုံးကို
“အပုပ်ချလှုံ့ဆော်မှုတွင် ပါဝင်သည့်နိုင်ငံများ” ဟု ဝန်ကြီးချိုဆွန်ဟွိုင်က
အမည်ပေးထားပြီး ၎င်းတို့၏ဆောင်ရွက်မှုများအတွက် ထိုက်တန်သည့် ပေးဆပ်မှုများကို ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း
သတိပေးပြောကြားသည်။
ယခုလအစောပိုင်းတွင် ပြုံယမ်း၌ တောင်ကိုရီးယားဒရုန်းများ၏
ဝါဒဖြန့်စာရွက်များ ကြဲချခဲ့မှုဖြစ်စဉ်အပါအဝင် တောင်ကိုရီးယား၏ အခြားသောလုပ်ရပ်များအတွက်
အမေရိကန်နိုင်ငံက တာဝန်ယူရမည်ဟုလည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွိုင်က
ပြောကြားခဲ့ကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အောင်ကျော်ကျော်

No comments