ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးပြီး “ကူညီကမ်းဆက် ဂီတလက်ဖြင့်”ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှုအားပေး



ရန်ကုန် အောက်တိုဘာ ၁၁

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရ???န်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုကြည့်ရှု စစ်ဆေးပြီး“ကူညီကမ်းဆက် ဂီတလက်ဖြင့်” ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေတေးဂီတ ဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။


ဦးစွာ မြန်မာအသံနှင့် ရုပ်မြင်သံကြား ဧည့်ခန်းမ၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလဆန်းတွင်ကျင်းပမည့် ပဉ္စမ အကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အသုံးပြုမည့် လာဘ်ကောင်ရုပ် (Mascot)များ အတွက် ကုန်ကျငွေကျပ်သိန်း ၁၅၀ ကို Trusty Pay ကုမ္ပဏီကပေးအပ်လှူဒါန်းရာ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦး​မောင်​မောင်အုန်းက လက်ခံပြီး ကျေးဇူးတင်စကားပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား Studio-1 ၌ ဒါရိုက်တာ ဩရသ၏ “ဘဝနှင့် အနုပညာ”အစီအစဉ် ရိုက်ကူးနေမှု၊ Studio-2 ၌ Lighting မီးလုံးအသစ်များ တပ်ဆင်ပြီးစီးမှုနှင့် စမ်းသပ် ရိုက်ကူးနေမှု၊ ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရေး လှုံ့ဆော်တေးသီချင်း နှစ်ပုဒ်ဖြစ်သည့် “ဆန္ဒမဲပေးကြပါ” နှင့် “အတူတူမဲသွားပေးကြစို့”သီချင်းများ MTV ရိုက်ကူးနေမှုတို့ကို ကြည့်ရှုအားပေးပြီး ပါဝင်ဆောင်ရွက်သူများအား ဂုဏ်ပြုငွေများ ပေးအပ်သည်။


ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်း ယာယီရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီဖွဲ့စည်းပြီး ရုံးခန်းဖွင့်လှစ်အသုံးပြုရန် လျာထားသည့် အဆောက်အအုံနှင့် ပြင်ဆင်ထားရှိမှု၊ MRTV နှင့် ပူးပေါင်းဆောင်ရွက်သည့် Borderless Broadcast Co.,Ltd. ရုံးခန်းငှားရမ်းထားရှိမှုနှင့် ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။


မွန်းလွဲပိုင်းတွင် Studio–A ၌ပြုလုပ်သည့် “ချစ်စရာ့အရွယ် ကစားကြမယ်”ကလေးအစီအစဉ်တွင် ရန်ကင်း မူလတန်းကြိုကျောင်းနှင့် စံပြရင်သွေးမူလတန်းကြိုကျောင်းတို့မှ ကလေးများယှဉ်ပြိုင်မှု၊ သင်္ဃန်းကျွန်းမူလတန်းကြို ကျောင်းနှင့် သာကေတမူလတန်းကြိုကျောင်းတို့မှ ကလေးများယှဉ်ပြိုင်မှု ရိုက်ကူးရေးအစီအစဉ်ကို ကြည့်ရှု အားပေးပြီး ကလေးငယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။


ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)စီစဉ်မှုဖြင့် ကျင်းပသည့်“ကူညီကမ်းဆက် ဂီတလက်ဖြင့်”ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။


အဆိုပါ  ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့်အဖွဲ့၊ တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံနှင့်အဖွဲ့၊ မြန်မာနိုင်ငံ ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးများမှ နာယကများနှင့် ဥက္ကဋ္ဌများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် တေးချစ်သူပရိသတ်များ ကြည့်ရှုအားပေးကြသည်။


ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲမစတင်မီ “သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှား၊ မွန်မြတ်စိတ်ထား၊ တွဲလက် များနှင့် ကူညီထမ်းဆောင်” Video Clip ကို ပြသသည်။


ထို့နောက် ဥက္ကာဦးသာနှင့် IMMORTAL BANDတို့ ပေါင်းစပ်တီးခတ်ပြီး တေးသံရှင်များဖြစ်ကြသည့်ကိုင်ဇာ၊ မျိုးကျော့မြိုင်၊ စည်သူလွင်၊ ဂရေဟမ်၊ ကောင်းဆက်၊ ဇော်ပိုင်၊ ပူစူး၊ နောနော်၊ အောင်လ၊ သာဒီးလူ၊ ဝန၊ အောင်ထက်၊ ဇွဲပြည့်၊ နေမင်းအိမ်၊ Lဆိုင်းဇီ၊ ရတနာမိုင်၊ နီနီခင်ဇော်၊ ပိုပို၊ ဆိုင်းစံ၊ ယွန်းမြတ်သူနှင့် ပန်းရောင်ခြယ်တို့က ဖျော်ဖြေတင်ဆက်ကြသည်။


ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲတွင် တက်ရောက်လာကြသည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့်အဖွဲ့၊ ကိုရီးယားနိုင်ငံ MKCS Co.,Ltd. တို့ အပါအဝင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးဥက္ကဋ္ဌတို့က တက်​ရောက်လက်ခံ​ပေးကြသည့်အပြင် Liveထုတ်လွှင့်မှုများကို ကြည့်ရှုကြသည့် မိဘပြည်သူများကလည်း KPay မှတစ်ဆင့်​ ပေးပို့လှူဒါန်းလျက်ရှိကြသည်။


ယင်းရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကို MRTV NRC Farmers Channel MRTV Application၊ Radio MRTV MRTV Telegram 5 Plus ချန်နယ်၊ MRTV-4၊ တိုင်းရင်းသားရုပ်သံလိုင်း၊ Hey Play TV ချန်နယ်တို့မှ တိုက်ရိုက် ထုတ်လွှင့်လျက်ရှိပြီး MRTV HD၊ Channel 7 HDမှ လည်း နေ့ချင်း Replay ပြန်လည်ထုတ်လွှင့်မှုအပြင် Fortune HD Channel K YTV နှင့် မဟာ HD ရုပ်သံလိုင်းတို့မှလည်း နောက်ရက်များတွင် ဆက်လက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.