(၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး 18th ASEAN Navy Chiefs' Meeting (18th ANCM) ကျင်းပ နှစ်နိုင်ငံသီးခြားစီ တွေ့ဆုံဆွေးနွေး၊ ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ၊ လေ့လာရေးခရီးများသွားရောက်၊ နေပြည်တော်မှ ပြန်လည်ထွက်ခွာ



နေပြည်တော် အောက်တိုဘာ ၁၁

မြန်မာနိုင်ငံက ဒုတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး 18th ASEAN Navy Chiefs' Meeting (18th ANCM) ကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘော ဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ရေတပ်အကြီး အကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ တက်ရောက်ကြသည်။


အစည်းအဝေးအား သဘာပတိ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းက ဦးဆောင်၍ ကျင်းပခဲ့ပြီး အစည်းအဝေးတွင် အာဆီယံ ရေတပ်ဦးစီးချုပ်များအတွက် Welcome Video Clip အားပြသသည်။


ပါဝင်ဆွေးနွေး

ထို့နောက်အစီအစဉ်အရ ဆွေးနွေးပွဲခေါင်းစဉ်ဖြစ်သော “ငြိမ်းချမ်းကြွယ်ဝသောဒေသဆီသို့ တက်ညီလက်ညီ လှော်ခတ်ခြင်း” Sailing Together: Harmony to Peace and Prosperity အား အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် ဘရူ နိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက် နမ်နိုင်ငံတို့မှ ရေတပ်ဦးစီးချုပ်များ၊ ဒုတိယရေတပ်ဦးစီးချုပ်များနှင့် လာအို ပြည်သူ့တပ်မတော် စစ်ဦးစီးဌာန၊ ဒုတိယ အကြီးအကဲတို့က နိုင်ငံအလိုက် ဆွေးနွေး ခဲ့ကြပြီး စင်ကာပူနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ ရေတပ်ဦးစီးချုပ်များက Video Tele-Conference(VTC) ဖြင့် လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံမှ ရေတပ်ဦးစီးချုပ်များက Video Message ပေးပို့၍ လည်းကောင်း ပါဝင်ဆွေးနွေးကြသည်။


ယင်းနောက် သတင်းအချက်အလက် ဖလှယ်ခြင်းအစီအစဉ်နှင့် အနာဂတ်တွင် ဆောင်ရွက်မည့်အစီအစဉ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအား အတည်ပြုကြသည်။


ဆက်လက်၍ သဘာပတိကာကွယ် ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက နိဂုံးချုပ်အမှာစကားပြော ကြားပြီး (၁၈)ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။


ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက အစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံ ရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအား နှစ်နိုင်ငံ သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ ရေတပ်များအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံအဖွဲ့ အစည်းအတွင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီး ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး တို့အတွက် နှစ်နိုင်ငံရေတပ်များအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။ အလားတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရေတပ်အကြီးအကဲများဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့များ သည်လည်း သီးခြားတွေ့ဆုံဆွေးနွေးမှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြသည်။


တာဝန်လွှဲပြောင်းပေးအပ်

ညပိုင်းတွင် (၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး (18th ANCM) သို့တက်ရောက် လာကြသည့် ရေတပ်အကြီးအကဲများ နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ထိန်ဝင်းက တည်ခင်း ဧည့်ခံသောဂုဏ်ပြုညစာစားပွဲကို နေပြည်တော်ရှိ M- Gallery Hotel ၌ ပြုလုပ်ရာ အာဆီယံနိုင်ငံများမှ ရေတပ်အကြီးအကဲများ၊ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့် တပ်မတော် (ရေ)မှ အရာရှိကြီးများ တက်ရောက်ကြသည်။ ညစာစားပွဲအခမ်းအနားတွင် ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး (၁၉) ကြိမ်မြောက် အစည်းအဝေး၏ အလှည့်ကျ အိမ်ရှင်နိုင်ငံဖြစ်သော မလေးရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အား တာဝန်လွှဲပြောင်း ပေးအပ်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


အစည်းအဝေးသို့ တက်ရောက်လာ သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရေတပ်အကြီးအကဲများနှင့် ကိုယ်စား လှယ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ သူရဲကောင်းဗိမာန်သို့ သွားရောက်၍ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြု ပန်းခြင်းဖြင့် အလေးပြုခြင်း၊ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထား သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုခြင်း၊ ဥပ္ပါတသန္တိစေတီတော် သို့ သွားရောက်ဖူးမြော်ကြည်ညိုခြင်းနှင့် ရတနာဆင်ဖြူတော်များအား ကြည့်ရှု လေ့လာခြင်း၊ ကျောက်မျက်ရတနာ ပြတိုက်၊ အမျိုးသားပြတိုက် (နေပြည် တော်)နှင့် M-Gallery Hotel ၌ ရေတပ် စခန်း ဌာနချုပ်များမှ ခင်းကျင်းပြသထား သော အမှတ်တရပစ္စည်းအရောင်းဆိုင် များအား ကြည့်ရှုလေ့လာခြင်း၊ ရန်ကုန် မြို့ရှိ ရွှေတိဂုံစေတီတော်သို့ သွားရောက် ဖူးမြော်ကြည်ညိုပြီး ဗိုလ်ချုပ်ဈေးနှင့် Junction City များသို့ သွားရောက် လေ့လာလည်ပတ်ခြင်းများ ဆောင်ရွက် ကြသည်။


ယနေ့နံနက်ပိုင်းတွင် (၁၈) ကြိမ် မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး 18th ASEAN Navy Chiefs' Meeting (18th ANCM) သို့ တက်ရောက် ခဲ့ကြသော အာဆီယံရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ် အဖွဲ့များသည် နေပြည်တော်မှ ပြန်လည်ထွက်ခွာကြရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.