နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်



နေပြည်တော် အောက်တိုဘာ ၁၁

၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အားပေးပြီး ဆုများပေးအပ် ချီးမြှင့်သည်။            


အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ  ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ရုံး/ ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များမှ အရာရှိ၊ စစ်သည်၊ မိသားစု များ၊ တပ်မတော်ဘောလုံး အကယ်ဒမီကျောင်းမှ သင်တန်းသားများ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။


ဗိုလ်လုပွဲယှဉ်ပြိုင်ကစား

ဦးစွာ ၂၀၂၄ ခုနှစ်၊ (၆၁) ကြိမ် မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား (ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲ အလွတ်တန်းအဆင့် ဗိုလ်လုပွဲအဖြစ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်း များဖြစ်သည်နှင့်အညီ တစ်ဖက် နှင့်တစ်ဖက် အကြိတ်အနယ်၊ အပြန်အလှန်ထိုးဖောက်တိုက်စစ် ဆင်ကစားခဲ့ကြပြီး ပွဲကစားချိန် ၃၇ မိနစ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်  ကိုယ်စားပြုအသင်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ပထမပိုင်း ပြီးဆုံးချိန်တွင် တစ်ဂိုး - ဂိုးမရှိဖြင့် ဦးဆောင်နိုင် ခဲ့သည်။ ထို့နောက် ဒုတိယပိုင်း ပွဲကစားချိန်၌ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသော်လည်း ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိသည့်အတွက် ပွဲကစားချိန် ပြီးဆုံးချိန်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို တစ်ဂိုး - ဂိုးမရှိ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။


ယင်းနောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့ နှင့်အတူ  စစ်ရေးပြမှူးကြီး ဦးဆောင်၍  အလံတော် အဖွဲ့၊ အားကစားအသင်း ၁၇ သင်းနှင့် ဆုရဘောလုံးအသင်း သုံးသင်းတို့မှ အားကစားသမားများက ဇေယျာ သီရိတပ်မတော်အားကစားကွင်း အတွင်း ဝင်ရောက်နေရာယူကြသည်။


ဆုများပေးအပ်ချီးမြှင့်

ထို့နောက် ၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ တပ်မတော်အားကစားနှင့် ကာယ ပညာ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက ၂၀၂၄ ခုနှစ်၊ (၆၁) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံး အားကစားသမား ဆုရရှိသူများ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရရှိသူများနှင့် အသန့်ရှင်းဆုံးဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကိုယ်စားပြုအသင်း တို့ကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က တတိယဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ကိုယ်စားပြုအသင်းကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က ဒုတိယဆုရရှိသည့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းကို လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက ပထမဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကိုလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပထမ ဆုဖလား၊ ဆင့်ပွားဆုဖလားနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။


ဆက်လက်၍ ကောင်စီဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က ၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများတွင် ဆုတံဆိပ် တတိယ အများဆုံးရရှိသည့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ တံခွန်စိုက်ဒိုင်း (တတိယ)ဆုနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများတွင် ဆုတံဆိပ် ဒုတိယ အများဆုံးရရှိသည့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်း အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏  တံခွန်စိုက်ဒိုင်း (ဒုတိယ)ဆုနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် ၆၅ ခု၊ ငွေတံဆိပ် ၄၃ ခု၊ ကြေးတံဆိပ် ၄၁ ခု စုစုပေါင်း ဆုတံဆိပ် ၁၄၉ ခုဖြင့် ဆုအများဆုံးရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြုအသင်းအားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဒိုင်းဆုကြီးနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ရာ အသင်း အုပ်ချုပ်သူအရာရှိနှင့် အားကစား သမားများက လက်ခံရယူသည်။


ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် စစ်ရေးပြမှူးကြီး ဦးဆောင် သော အလံတော်အဖွဲ့၊ အားကစားအသင်း ၁၇ သင်းနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ကိုယ်စားပြု စစ်တီးဝိုင်းအဖွဲ့တို့က စစ်ကြောင်းပုံဖြင့်ချီတက်၍ လက်ဝှေ့ယမ်း နှုတ်ဆက်ပြီး  ဇေယျာသီရိ တပ်မတော် အားကစားကွင်း အတွင်းမှ ပြန်လည်ထွက်ခွာကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ပြန်လည် လက်ပြနှုတ်ဆက်ကြသည်။


အောင်မြင်စွာပိတ်သိမ်း

ထိုသို့ ချီတက်ထွက်ခွာနေချိန် တွင် (၆၁) ကြိမ်မြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖလား (ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနား  အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် မီးရှူး၊ မီးပန်းများကို ဂုဏ်ပြုပစ်ဖောက်ခဲ့ ပြီး အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်



No comments

Powered by Blogger.