ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လယ်မြေတွင် စပါးပျိုးပင်များကို ကောက်စိုက်စက်များဖြင့် အခမဲ့စိုက်ပျိုးပေး
နေပြည်တော် အောက်တိုဘာ ၁၁
နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော သီးနှံစိုက်ခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာအနီးရှိ လယ်မြေ (၂၁) ဧကကို စက်မှုလယ်ယာဦးစီးဌာနက မြေပြင်ထွန်ယက်ပေးနေမှု၊ ကောက်စိုက်စက်များဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။
တောင်သူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လယ်မြေ (၂၁) ဧကတွင် ရာသီအမီ သက်တမ်းတိုစပါး ပြန်လည်စိုက်ပျိုးပေးခြင်းကို ကူညီဆောင်ရွက်ပေးခြင်းသည် ဒေသ၏ စားရေရိက္ခာဖူလုံရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဒေသ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပင်လောင်းလမ်းဆုံအနီး စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လမ်း ရေသွင်းမြောင်း၊ ရေထုတ်မြောင်းများပါဝင်ပြီး စက်မှုလယ်ယာစနစ်ကို လက်တွေ့အကောင်အထည်ဖော် လုပ်ကိုင်နိုင်ကြမည်ဖြစ်၍ ဒေသဖွံ့ဖြိုးရေးအတွက် တောင်သူများဘက်က အားသွန်ခွန်စိုက် ကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဦးစီးဌာနများမှ တာဝန်ရှိသူများက သီးနှံများဖြစ်ထွန်းအောင်မြင်ရေးအတွက် သွင်းအားစု ထည့်သွင်းခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ ရေသွင်းစနစ်မှန်ကန်ရေးနှင့် စိုက်ပျိုးရေ ချွေတာအသုံးပြုရေး၊ လယ်ယာမြေ အသုံးပြုခွင့်လုပ်ပိုင်ခွင့်နှင့် ပိုင်ဆိုင်မှုဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဆွေးနွေးတင်ပြကြသည်။
ရေကြီးရေလျှံမှုများကြောင့် ပျက်စီးခဲ့သည့်စိုက်ခင်းများ ရာသီအချိန်မီစိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ ဦးစီးဌာနများက ကူညီဆောင်ရွက်ပေးလျက်ရှိရာ စပါးသီးနှံ ပြန်လည်စိုက်ပျိုးခြင်းအတွက် မြေပြင်ထွန်ယက်ခြင်း၊ မျိုးစပါး အခမဲ့ရရှိရေးအပါအဝင် အခြားသီးနှံ စိုက်ပျိုးလိုသော တောင်သူများအတွက် လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments