တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို လောင်းလုံးမြို့နယ်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုအား လှည့်လည်ကြည့်ရှုအားပေး


 

ထားဝယ်၊ အောက်တိုဘာ ၁၁

 

နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၁၅ ရက်အထိ ကောက်ယူသွားမည်ဖြစ်သည်။

 

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို တနင်္သာရီ တိုင်းဒေသကြီးတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးထွန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက လောင်းလုံးမြို့နယ်ရှိ ရပ်ကွက်အလိုက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်အိမ်တက်/ဆင်း ကောက်ယူနေမှုအား လှည့်လည်ကြည့်ရှု အားပေးသည်။

 

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍ ဆက်စပ်အဖွဲ့အစည်းများနှင့် စာရင်းစစ်/ စာရင်းကောက်များက သန်းခေါင်စာရင်းတွင် အသုံးပြုသည့် မေးခွန်း (၆၈)ခု၊ အိမ်ထောင်စုမေးခွန်းနှင့် မေးခွန်း (၁၈) ခုပါဝင်သည့် အဖွဲ့အစည်းမေးခွန်းများအား Tablet များအသုံးပြု၍ ကောက်ယူရာ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာဖြင့် ပြည့်ပြည့်စုံစုံဖြေကြားခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ရပ်ကွက်နေ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

ဆက်လက်၍ ထားဝယ်တက္ကသိုလ်ဝင်းအတွင်း နေထိုင်သော ပါမောက္ခချုပ်နှင့် ဘာသာရပ်အသီးသီးမှ ဌာနမှူးများ၊ မိသားစုဝင်များအား သန်းခေါင်စာရင်း ကောက်ယူလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုက်လံကြည့်ရှုအားပေးပြီး ထားဝယ်ပညာ့အိမ်ရာဝန်းရှိ အိမ်ခန်းတွဲများအား လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို ရရှိစေရန်ရည်ရွယ်၍ ကောက်ယူခဲ့ခြင်းဖြစ်ပြီး စာရင်းကောက်ယူ သူများက နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေအိမ်များသို့ လာရောက် စာရင်းကောက်ယူမည်ဖြစ်ကြောင်း၊ စာရင်းကောက်ယူမည့်နေ့ကို ကြိုတင်အကြောင်းကြားမည်ဖြစ်ပြီး လောင်းလုံးမြို့နယ်အတွင်း၌ ကျေးရွာအုပ်စု (၂) အုပ်စု၊ ကောက်ကွက်ပေါင်း (၁၁) ကောက်ကွက်ကို စာရင်းစစ်၊ စာရင်းကောက်များက အဖွဲ့များခွဲ၍ Tablet များအသုံးပြုကာ ရပ်ကွက်အလိုက် ပြည်သူလူထုများအား ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.