အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွေကို နှစ်စဉ်မပျက်ကျင်းပပေးမယ်ဆိုရင် အနာဂတ်မျိုးဆက်တွေ အတွက်လည်း အများကြီးအကျိုးရလဒ်တွေရရှိမှာဖြစ်ပါတယ် (မောင်ရဲလင်းကျော်)












တွေ့ဆုံမေးမြန်း - ခိုင်သန္တာရွှေ

ဓာတ်ပုံ - အလင်းသစ်

 

မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မပျက်သုဉ်းစေရေး၊ မြန်မာတို့၏ အမျိုးသားရေးဇာတိမာန်နှင့် မျိုးချစ်စိတ်ဓာတ် မြင့်မားရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်လျက် လက်ဆင့်ကမ်းအမွေအဖြစ် ကမ္ဘာတည်သရွေ့တည်တံ့စေရေးတို့အတွက် နိုင်ငံတော်အစိုးရက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိသည်။ ယနေ့တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ လေးရက်မြောက်နေ့အဖြစ် နေပြည်တော်၌ ဆက်လက်ကျင်းပခဲ့ပြီး  ယင်းပြိုင်ပွဲကြီးတွင် တာဝန်ယူရသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်း ထားသည်များကို ပြန်လည်ဖော်ပြပေးလိုက်ရပါသည်-

 

ဦးသန်းထွန်းလေး

ခေတ်ဟောင်း ကာလပေါ်အဆိုပြိုင်ပွဲ၊ အကဲဖြတ်ဥက္ကဋ္ဌ

အခု ခေတ်ဟောင်းနဲ့  ကာလပေါ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဝင်တွေအတွက် ခက်ခက်ခဲခဲ တော့မရှိပါဘူး။ ပထမသီဆိုထားသူရဲ့မူလေးတွေဖြစ်တဲ့ အဆွဲအငင်အဖြတ်အတောက်နဲ့ အယူအဆလေးတွေ၊ အသံ အနိမ့်အမြင့်လေးတွေ၊ စည်းဝါးတွေက အဓိကအရေးကြီးပါတယ်။ ပြိုင်ပွဲက ချမှတ်ထားတဲ့   သီချင်းတွေကိုလည်း  ပိုင်ပိုင်နိုင်နိုင်ရထားဖို့ ကောင်းပါတယ်။  အဲဒါမှ  မဲနှိုက်လို့ပေါက်လာတဲ့ သီချင်းကို အဆင်သင့်ပြိုင်ပွဲဝင်လို့ရမှာပါ။ အရေးကြီးတာကတော့ စည်းနဲ့ဝါးပိုင်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီပြိုင်ပွဲကြီးကလည်း  နိုင်ငံတော်က စေတနာနဲ့ ကျင်းပပေးတာဖြစ်တယ်။  အနုပညာကလည်း ဘိုးဘွားတွေလက်ထက်ကတည်းက ဆင်းသက်လာတဲ့ အနုပညာဖြစ်တော့ အဲဒါကိုမပျောက်ပျက်အောင် အခက်အခဲတွေကြားထဲကနေ  အနုပညာကို ပြန်လည် ဖော်ထုတ်တဲ့အနေနဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အနုပညာသမားတွေလည်း  စုစုစည်းစည်းနဲ့  အနုပညာနဲ့ပတ်သက်လို့ တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီကြတာကိုလည်း ကျေးဇူးတင်ပါတယ်။ မဟာဂီတက ဘိုးစဉ်ဘောင်ဆက်ကဖြစ်ပြီး   ကာလပေါ်ကတော့   ကာလတစ်ခုမှာ  ပေါ်လာတဲ့ သီချင်းတွေဖြစ်တာကြောင့်  စန္ဒရား၊ မယ်ဒလင်၊ ဒုံမင်းတို့နဲ့ ကာလပေါ်ဆိုတာဖြစ်လာတာပါ။ သီချင်းကြီးကတော့ ရှေးဘုရင်တွေလက်ထက်ကတည်းက ဝန်ကြီးပဒေသရာဇာတို့၊ နတ်ရှင်နောင် တို့ခေတ်ကတည်းက ရေးလာတာဖြစ်တယ်။ သီချင်းကြီးပညာကို ရဖို့ဆိုတာကတော့ အလွန်ခက်ခဲတယ်။ ကာလပေါ်ကတော့ ခေတ်ကာလအပေါ်မူတည်ပြီး ဆိုထားတာဆိုတော့ အဆင်ပြေပါတယ်။ ကျွန်တော် တို့ခေတ်ကျတော့ ကျွန်တော်ရယ်၊ ကိုသိန်းတန်ရယ်၊ မျိုးမြင့်လေးရယ်ပေါ့။ ဓာတ်ပြားလောကကနေ တစ်ဆင့်တက်လာတာပါ။ မြန်မာ့အသံမှာဆိုရင်းနဲ့ ဓာတ်ပြားလောကက သဘောကျလို့ နာမည်ရခဲ့တာ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် မြန်မာ့အသံကနေ မွေးထုတ်ပေးလိုက်တယ်လို့ ပြောရင်ရပါတယ်။ အခု ခေတ်ကလေးတွေက ကျွန်တော်တို့နဲ့ မတူဘူး။ တော်တော်လေးလည်းတော်ကြပါတယ်။ ကျွန်တော်တို့တုန်းက ကိုယ့်ဒူးကိုယ်ချွန်ရတာ။ ဆရာတွေဆီမှာ ဒီပညာရဖို့ ကျိုးကျိုးနွံနွံနဲ့  နေခဲ့ရတာ။ ခေတ်ဟောင်းသီချင်းတွေလည်း မပပျောက်အောင်၊ ကာလပေါ်သီချင်းတွေလည်း ဆက်လက်ထိန်းသိမ်းနိုင်အောင်၊ မြန်မာ့ရိုးရာလည်း မတိမ်ကောအောင်၊ နိုင်ငံတော်အကြီးအကဲတွေက အခက်အခဲတွေမျိုးစုံကြားကနေ လုပ်ပေးတာဖြစ်လို့ တန်ဖိုးထားရမှာလည်းဖြစ်ပါတယ်။ အဲဒီလိုမလုပ်ရင် နိုင်ငံခြားသံစဉ် တွေက လွှမ်းမိုးသွားရင် မြန်မာ့ဂီတက ဘာလဲလို့ အနာဂတ်မျိုးဆက်တွေမေးရင်ဘယ်လိုဖြေမလဲ၊ အခုလို ပွဲတွေလုပ်ပေးတဲ့သူရှိမှ မြန်မာ့အနုပညာ ဆက်လက်ရှင်သန်မှာပါ။


 

မအေးစုငြိမ်း

အကပြိုင်ပွဲဝင်၊ အခြေခံပညာ(အသက် ၁၅-၂၀ နှစ်)၊ ရခိုင်ပြည်နယ်ကိုယ်စားပြု

အကပညာကို ငါးနှစ်အရွယ်ကတည်းက ဝါသနာပါခဲ့တာပါ။ မိဘမျိုးရိုးကြောင့်  အနုပညာလောကထဲကို ဝင်ရောက်ယှဉ်ပြိုင်တာ မဟုတ်ပါဘူး။ ဝါသနာအရသင်ယူပြီး ဝင်ပြိုင်ဖြစ်တာပါ။ သမီးက အခု Grade-7 တက်နေတာဖြစ်ပါတယ်။ အကပညာရပ်ကို ကနဦးသင်ကြားပေးတာကတော့ ဆရာပန်းချီဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ သင်ကြားပေးတာကတော့ မြန်မာနိုင်ငံ အကရွှေတံဆိပ်ဆုရှင် ဆရာမ ဒေါ်သွယ်သွယ်ဝင်းပဲဖြစ်ပါတယ်။ သမီးအသက်အရွယ်ကြီးတဲ့အထိ အကပညာကို လေ့လာသွားမှာဖြစ်ပါတယ်။ အကပညာနဲ့ ဒီပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ အခက်အခဲတွေတော့ အများကြီး ကျော်ဖြတ်ခဲ့ရပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေမှာ အခုတစ်ကြိမ်က ပထမဆုံးယှဉ် ပြိုင်ဖြစ်ခဲ့တာပါ။ အရင်တုန်းကလည်း မယှဉ်ပြိုင်ဖြစ်ခဲ့ပါဘူး။ အခုလို ယှဉ်ပြိုင်နိုင်ဖို့အတွက်လည်း နေ့စဉ်ရက်ဆက် လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။ အပြင်မှာလည်း အကတွေ လိုက်ကခဲ့ဖူးပါတယ်။ အဲဒါကြောင့်လည်း ပြိုင်ပွဲဝင်တဲ့နေရာမှာ စိတ်လှုပ်ရှားမှုတော့ သိပ်မရှိပါဘူး။ ဒီပြိုင်ပွဲကြီး ဖြစ်မြောက်အောင် ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူး တင်ပါတယ်။ နောင်နှစ်တွေမှာလည်း အခုလိုပြိုင်ပွဲ ကြီးတွေ ဆက်လက်ကျင်းပပေးပါလို့လည်း သမီးအနေနဲ့ တောင်းဆိုချင်ပါတယ်။


 

မစုယွန်းရွှေရည်

အကပြိုင်ပွဲဝင်၊ ဝါသနာရှင်(ဒုတိယတန်း)၊ ရှမ်းပြည်နယ်ကိုယ်စားပြု

ကျွန်မက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အရင်နှစ်တွေကလည်း ယှဉ်ပြိုင်ခဲ့ပါတယ်။ ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်နှစ်ခုနဲ့ ကြေးတံဆိပ်တစ်ခု ရရှိခဲ့ပါတယ်။  မနှစ်က အဆင့်မြင့်ပညာအဆင့် အမျိုးသမီးမှာ ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဝါသနာရှင်ဒုတိယတန်း အမျိုးသမီးအကပြိုင်ပွဲမှာ ပါဝင်ယှဉ် ပြိုင်ထားပါတယ်။ အကောင်းဆုံး ကြိုးစားထားတာဖြစ်တဲ့အတွက် ရွှေတံဆိပ်ဆု မျှော်မှန်းထားပါတယ်။ ကိုယ်ဝါသနာပါတဲ့ အကပညာကို အကောင်းဆုံးချပြနိုင်ခဲ့လို့  ကျေနပ်အားရမှုရှိပါတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ဆိုရင် ဒီပြိုင်ပွဲကြီးက တကယ့်အမွေအနှစ်လို့ ထင်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပပေးတဲ့အတွက်လည်း တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။ နောင်လာနောက်သား မောင်လေး၊ ညီမလေးတွေအနေနဲ့ ကိုယ်ပိုင်ယဉ်ကျေး မှုတွေကို ဆက်လက်တန်ဖိုးထား ထိန်းသိမ်းကြပါလို့ ပြောချင်ပါတယ်။

 

မစိုးယုနန္ဒာ

ဝါသနာရှင်(ဒုတိယတန်း)၊ ခေတ်ဟောင်း/ကာလပေါ်အဆိုပြိုင်ပွဲဝင်၊ ရခိုင်ပြည်နယ်ကိုယ်စားပြု

ကျွန်မအနေနဲ့ ဝါသနာရှင်(ဒုတိယတန်း) ကာလ ပေါ်ပြိုင်ပွဲမှာဆိုရင် သီချင်းခြောက်ပုဒ် သတ်မှတ်ထားပါတယ်။ ဝနိမိတ်၊ ကထိန်သင်္ကန်း၊ အာရောဂျံ၊ ဂီတဉ္စလီ၊ နွေမိုးဆောင်း၊ ဓမ္မစကြာ အဲဒီသီချင်းတွေပဲ ဖြစ်ပါတယ်။ ကျွန်မကတော့ သတ်မှတ်ထားတဲ့သီချင်းတိုင်းကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ဘယ်သီချင်းပဲ ဖြစ်ဖြစ် အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့အတွက်တော့ ပြင်ဆင်ထားရပါတယ်။ ပြိုင်ပွဲဝင်ဖို့ သီချင်းတွေ သတ်မှတ်ပြီဆိုကတည်းက ဗဟိုရောက်တဲ့အထိ နေ့စဉ်ရက်ဆက် ဆရာဆရာမတွေနဲ့ လေ့ကျင့်ရပါတယ်။ အဆိုနဲ့ပတ်သက်ပြီး မျိုးရိုးလည်းရှိတယ်။ အရင်ကအဖေက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေ စတင်ကျင်းပကတည်းက ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ကျွန်မကလည်း သီချင်းဆိုချင်တယ်ပြောတော့ စပြိုင်ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ အဲဒီတုန်းက မဟာဂီတနဲ့ ကာလပေါ်မှာ ရွှေတံဆိပ်နှစ်ခုရရှိခဲ့ပါတယ်။ အခုပြိုင်ပွဲမှာတော့ ဝါသနာရှင်ဒုတိယတန်းမှာ မဟာဂီတနဲ့ ကာလပေါ်၊ အဆင့်မြင့်မှာတော့ အမျိုးဂုဏ်နဲ့ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကို လာရောက်ယှဉ်ပြိုင်ကြသူတိုင်းကတော့ ဆုလိုချင်ကြတာပါပဲ။ ကျွန်မလည်း ဆုတံဆိပ်ရရှိအောင် ကြိုးစားနေပါတယ်။ အခုလိုမျိုး ဆိုတတ်အောင် စနစ်တကျသင်ကြားပေးတဲ့ ဆရာ ဆရာမ တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွေ ကျင်းပပေးတဲ့အတွက် တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းတွေလည်း တိုးတက်လာတယ်။ အထောက်အပံ့ပေးတဲ့ ဆရာ ဆရာမတွေရဲ့ ကျေးဇူးကြောင့် အနုပညာရပ်တိုင်းမှာ တိုးတက်လာတာကိုလည်း တွေ့မြင်ရပါတယ်။ ကိုယ့်ရဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းသွားဖို့လည်း စိတ်ကူးထားပါတယ်။

 

မောင်ကောင်းခန့်ဇော်

အတီး(ပလွေ)ပြိုင်ပွဲဝင်၊ အဆင့်မြင့်ပညာ၊ ဝါသနာရှင်(ပထမတန်း)၊ မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု

နှဲပြိုင်ပွဲမှာတော့ မှိုင်းရိပ်ကယ်တည့် (ကြိုး) သီချင်းနဲ့ ဝင်ပြိုင်ဖြစ်ပါတယ်။ နှဲပြိုင်ပွဲမှာလည်း အားရကျေနပ်မှု ရှိခဲ့ပါတယ်။ ဒီနေ့ပလွေပြိုင်ပွဲရဲ့ အဆင့်မြင့်ပညာအဆင့် (အမျိုးသား) မှာတော့ ကျွန်း ကျွန်းပိုင်သသီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။ အတီးပြိုင်ပွဲမှာ ဝါသနာအပါဆုံးက နှဲရော၊ စန္ဒရားရောပါ။ (၂၃)ကြိမ်မြောက်က အိုးစည်၊ ဒိုးပတ်မှာ ရွှေ၊ ဆိုင်းအဖွဲ့လိုက်က ငွေ ရရှိခဲ့ပါတယ်။ (၂၄)ကြိမ်မြောက် မှာတော့ အိုးစည်က ရွှေ၊ ပလွေက ကြေးရရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဘာသာရပ်ငါးမျိုးယှဉ်ပြိုင်ဖြစ်ပါတယ်။ နှဲ၊ ပလွေ၊ အိုးစည်၊ ဒိုးပတ်၊ ဆိုင်းအဖွဲ့လိုက်တို့ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်ရတဲ့ ဘာသာရပ်တွေများတော့ တစ်နှစ်ပတ်လုံးလေ့ကျင့်ခဲ့ရတယ်။ အနုပညာမျိုးရိုးတော့မရှိပါဘူး။ ဝါသနာပါလို့ လေ့လာသင်ယူဖြစ်ခဲ့တာဖြစ်ပါတယ်။ စန္ဒရားအတီး သင်ချင်လို့ ယဉ်ကျေးမှုကျောင်းကို လာတက်ရင်းနဲ့ အခြားအနုပညာရပ်တွေကို လေ့လာသင်ယူဖြစ်ခဲ့တာပါ။ အခုလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွေ ကျင်းပပေးတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုလည်း မပျောက်တော့ဘူးလေ။ တိုင်းရင်းသားရိုးရာယဉ်ကျေး မှုအမွေအနှစ်တချို့ဆို ပျောက်တာတွေ တော်တော်များနေပြီ။ အဲဒီယဉ်ကျေးမှုတွေ ဆက်ထိန်းဖို့ အခု လိုပြိုင်ပွဲကြီးတွေ ဆက်လက်ပြီးတော့လည်း ကျင်းပပေးပါလို့ တောင်းဆိုချင်ပါတယ်။

 

မောင်ရဲလင်းကျော်

အဆို(မဟာဂီတ)ပြိုင်ပွဲဝင်၊ ဝါသနာရှင်(ဒုတိယတန်း)၊ ရခိုင်ပြည်နယ်ကိုယ်စားပြု

ဒီပြိုင်ပွဲကြီးမှာ မဟာဂီတ၊ ကာလပေါ်တို့မှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ပါတယ်။ မဟာဂီတမှာတော့ စိန်ကြောင်နီလာ (ပတ်ပျိုး) နဲ့ ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ မဟာဂီတကတော့ ပြိုင်ပွဲဝင်ဖို့ အချိန်တော်တော် ယူရပါတယ်။ မဟာဂီတမှာ လက်ဦးဆရာက ဦးမောင်မောင်၊ ဦးအောင်ကျော်သိန်းတို့ပါ။ မဟာဂီတကို ခုနစ်နှစ်သား အရွယ်လောက်ကတည်းက သင်ယူခဲ့တာပါ။ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့တာကြာပါပြီ။ မဟာဂီတ၊ ကာလပေါ်နဲ့ ဓမ္မတေးတွေနဲ့ ဝင်ပြိုင်ခဲ့တာ ရွှေတံဆိပ်ကိုးခု၊ ငွေတံဆိပ် ၁၀ ခု၊ ကြေးတံဆိပ် ၁၈ ခုရရှိခဲ့ပါတယ်။ ဒီနှစ်ကတော့ သီချင်းတိုက်တဲ့အချိန် ပိုရသလို ဆရာတွေနဲ့ နီးနီးကပ်ကပ် လေ့လာခွင့်လည်းပိုရခဲ့ပါတယ်။ မဟာဂီတနဲ့ ကာလပေါ်ဆိုရင် မဟာဂီတက ပိုခက်ခဲပါတယ်။ မဟာဂီတ ပြိုင်မယ်ဆိုရင် အနည်းဆုံးတစ်နှစ်၊ နှစ်နှစ်လောက် နားရည်ဝအောင် လေ့လာရပါတယ်။ ကာလပေါ်ကျတော့ လေ့ကျင့်မယ်၊ ပြိုင်မယ်။ မဟာ ဂီတကတော့ လေ့ကျင့်ဖို့ထက် ဝမ်းစာအရင်ဆုံးဖြည့်ရတယ်။ ကျွန်တော်ကတော့ မဟာဂီတကို ပိုပြီးအားသန်ပါတယ်။ မဟာဂီတက လေ့လာတဲ့လူလည်း နည်းနည်းရှားတယ်။ မဟာဂီတကို မပျောက်ပျက်ရလေအောင် ထိန်းသိမ်းတဲ့အနေနဲ့ မဟာဂီတဘက်ကို ပိုပြီးဦးစားပေးဖြစ်ပါတယ်။ နောက်ထပ်ပြိုင်မယ့် အငယ်တန်းကကလေးတွေကိုလည်း မဟာဂီတကို စိတ်ဝင်စားလာအောင် ကူညီဖြစ်ပါတယ်။ ဒါကြောင့် အခုလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွေကို နှစ်စဉ်မပျက် ကျင်းပပေးမယ်ဆိုရင် အနာဂတ်မျိုးဆက်တွေအတွက်လည်း အများကြီးအကျိုးရလဒ်တွေ ရရှိမှာဖြစ်ပါတယ်။

 

No comments

Powered by Blogger.