ရုရှားနိုင်ငံနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်မည်ဟု တရုတ်ဝန်ကြီးချုပ်ပြောကြား


အစ္စလာမ္မာဘတ် အောက်တိုဘာ ၁၇

 

တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး ဘုံအကျိုးစီးပွားကို ရှေးရှုသည့် ပူးပေါင်းဆောင်ရွက်မှုကိုချဲ့ထွင်ကာ တရုတ်-ရုရှား နှစ်နိုင်ငံစလုံး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ သာယာဝပြောရေးနှင့် တည်ငြိမ်ရေးကို ဦးတည် ဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ် လီချန်းက ရုရှားဝန်ကြီးချုပ် မီခေးမီရှူစတင်နှင့် အောက်တို ဘာ ၁၆ ရက်က တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

 

ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့တွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ (၂၃) ကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးပြင်ပတွင် ရုရှားဝန်ကြီးချုပ် မီခေးမီရှူစတင်နှင့် တွေ့ဆုံစဉ် တရုတ်ဝန်ကြီးချုပ် လီချန်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

 

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့၏ အမြော်အမြင်ရှိသည့် လမ်းညွှန်မှုအောက်တွင် မိမိတို့နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို အနေအထားတစ်ရပ်သို့ တိုးမြှင့်နိုင်ခဲ့ပြီး ဘုံအကျိုးစီးပွားကို ဖော်ဆောင်နိုင်သကဲ့သို့ နိုင်ငံအဆင့်နှင့် ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကို တိုးမြှင့်နိုင်ခဲ့ပြီး နှစ်နိုင်ငံပြည်သူများအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အောင်မြင်မှု အသီးအပွင့်များကိုလည်း ရရှိခဲ့ကြောင်း တရုတ်ဝန်ကြီးချုပ် လီချန်းက ပြောကြားသည်။ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်စသည့်ကဏ္ဍများစွာ၌ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းဝင် နိုင်ငံများကိုလည်း အပြန်အလှန် ယုံကြည်မှုများကို မြှင့်တင်ပြီး ဘုံအကျိုးစီးပွားကို ဖော်ဆောင်ကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းကို အခြေခံ၍ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့်  အကျိုးကျေးဇူးများ ရရှိလာမည်ဟု ယုံကြည်ကြောင်း တရုတ်ဝန်ကြီးချုပ်လီချန်းက ပြောကြားသည်။

 

ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၅ )နှစ် ပြည့်မြောက်သည့် နှစ်ဖြစ်သည့်အပြင် တရုတ်-ရုရှား သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း (၇၅) နှစ် ပြည့်သည့်နှစ်ဖြစ်ကာ ခေတ်သစ်တွင် တရုတ်-ရုရှားနှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုသည် မမျှော်မှန်းနိုင်သည့်အဆင့်အထိ တိုးတက်လာခဲ့သည်ကို တွေ့ရှိရကြောင်း ရုရှားဝန်ကြီးချုပ် မီခေးမီရှူစတင်ကလည်း ပြန်လည်ပြောကြားသည်။ လက်ရှိကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့်အခြေအနေများအရ ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့်လက်တွဲ၍ မိမိတို့နှစ်နိုင်ငံ ခေါင်းဆောင်များအကြားရရှိခဲ့သည့် သဘောတူညီချက်များကို အကောင်အထည် ဖော်ဆောင်ခြင်းနှင့် အပြန်အလှန်အကျိုးစီးပွားများ မြှင့်တင်ဆောင်ရွက်ပေးခြင်းအပြင် တရုတ်နိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီးပွားရေးစင်္ကြံစီမံကိန်းနှင့် ယူရပ်ရှား စီးပွားရေး သမဂ္ဂ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် နှစ်နိုင်ငံအကြား လက်တွေ့ကျသည့်ပူးပေါင်း ဆောင်ရွက်မှုများရှိနေပြီး တရုတ်-ရုရှားယဉ်ကျေးမှု နှစ်ပတ်လည်အခမ်းအနားများကိုလည်း နှစ်နိုင်ငံ ပူးတွဲကျင်းပလာခဲ့ကြောင်း ရုရှားဝန်ကြီးချုပ် မီခေးမီရှူစတင်က ထပ်လောင်းပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန်- စိုးသူရ

 

No comments

Powered by Blogger.