နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားတွင် အမှာစကား ပြောကြား



နေပြည်တော် အောက်တိုဘာ ၁၃


၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန(၁)၌ ကျင်းပရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။


အခမ်းအနားသို့ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ များနှင့်ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့်  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာ၌ ယခု ၂၀၂၄ ခုနှစ်တွင် သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံရင်ဆိုင် နိုင်ရေးတွင် အဓိကကျ သည့် မျိုးဆက်သစ်များ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရန် ရည်ရွယ်ပြီး “အနာဂတ်မှာကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ် တို့ စွမ်းအားမြှင့်တင်စို့” “Empowering the next generation for a resilient future” ဆိုသည့် ဆောင်ပုဒ်ဖြင့် ဦးတည်ကျင်းပခြင်းဖြစ်ကြောင်း။


ကမ္ဘာ့အပူဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့

ယနေ့ကမ္ဘာ့လူဦးရေသည် ၂၀၂၄ ခုနှစ်တွင် ၈ ဒသမ ၂ ဘီလီယံရှိရာမှ ၂၀၈၀ ပြည့်နှစ် နှစ်လယ်တွင်၀ ဒသမ ၃ ဘီလီယံအထိ တိုးပွားလာမည်ဟု ခန့်မှန်းထားကြကြောင်း၊ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ရာသီဥတု အစီရင်ခံစာ(Global Climate Report for 2023) အရ တစ်ကမ္ဘာလုံးအနေဖြင့် ၂၀၂၃ ခုနှစ် အပူချိန်သည် (၁၈၅၀ - ၁၉၀၀) ပြည့်နှစ်များကာလ စက်မှုခေတ် မတိုင်မီကထက် ၁ ဒသမ ၄၅ ဒီဂရီ ဆဲလ်စီးယပ် အထက် ပိုမိုမြင့်တက်ခဲ့ကြောင်း၊ စစ်တမ်းများအရ ၂၀၂၃ ခုနှစ်သည် လွန်ခဲ့သည့် နှစ်ပေါင်း (၁၇၄)နှစ်အတွင်း ကမ္ဘာ့အပူဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ ကြောင်းကို ဖော်ပြထားကြောင်း။


ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွင် အဓိကအရေး ပါသည့် သစ်ပင်သစ်တော ပြုန်းတီးမှုကို ကြည့်မည်ဆိုပါက ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၁၀)နှစ်တာ ကာလအတွင်း နှစ်စဉ်ပျမ်းမျှအားဖြင့် တစ်နှစ်ကို သစ်ပင် (၁၀) သန်းကျော် ပြုန်းတီးနေသည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့၏ ထုတ်ပြန်မှုများအရ တွေ့ရကြောင်း။


ထိုသို့ ကမ္ဘာကြီးတွင် လူဦးရေတိုးပွားများပြားလာ မှုနှင့်အတူ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်း များ ချဲ့ထွင်လာမှု၊ ကမ္ဘာ့အပူချိန် မြင့်မားလာမှု၊ ရာသီဥတုပြောင်းလဲလာမှု၊ သစ်ပင်သစ်တောများ ပြုန်းတီးလာမှုစသည့် များပြားသော အခြေခံအကြောင်းများကြောင့် သဘာဝဘေးအန္တရာယ်များ သည် တစ်နှစ်ထက်တစ်နှစ် တိုးတက် ဖြစ်ပွားလာနေသကဲ့သို့ ဆိုးရွားသည့် သက်ရောက်မှုများသည်လည်း ပိုမိုပြင်းထန်လာသည်ကို အားလုံးကြားသိမြင် တွေ့နေကြကြောင်း။


သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများ များပြားလာသကဲ့သို့ ကမ္ဘာ့နိုင်ငံများ၏ ထိခိုက်ဆုံးရှုံးနိုင်ခြေကိုလည်း ဆန်းစစ်လေ့လာမှုများ ပြုလုပ်လာကြကြောင်း၊ ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ထိခိုက်ဆုံးရှုံး နိုင်ခြေညွှန်းကိန်း (World Risk Index 2023)တွင် ကမ္ဘာ့နိုင်ငံပေါင်း (၁၉၃) နိုင်ငံ၏ ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်မှုပြုထားပြီး ဖိလစ်ပိုင် နိုင်ငံက ညွှန်းကိန်း ၄၆ ဒသမ ၈၊ အင်ဒိုနီးရှားနိုင်ငံက ညွှန်းကိန်း ၄၃ ဒသမ ၅၀၊ အိန္ဒိယနိုင်ငံက ညွှန်းကိန်း ၄၁ ဒသမ ၅၂ နှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်း အမြင့်ဆုံးနိုင်ငံများအဖြစ် တွေ့ရပြီး မြန်မာနိုင်ငံက ညွှန်းကိန်း ၃၆ ဒသမ ၂၆ နှင့် အဆင့် ၆ နေရာတွင် ရှိကြောင်းကို ဖော်ပြထား ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ်များကြောင့်  ထိခိုက်မှုလျော့နည်းစေရန်ကို အမြဲမပြတ် သတိပြုဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။


ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၏ ပြယုဂ်အဖြစ်တွေ့မြင်

၂၀၂၄ ခုနှစ်ထဲတွင် ပါကစ္စတန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယားနှင့် အာရှတိုက်နိုင်ငံများသာမက ဥရောပ နိုင်ငံများမှာပါ ဖြစ်ပွားခဲ့သည့် များပြားပြင်းထန်လှသည့် ရေကြီး၊ ရေလျှံမှုဖြစ်စဉ်များကို ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု၏ ပြယုဂ် အဖြစ် တွေ့မြင်နေကြရ ကြောင်း၊        ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် လူသေဆုံးမှုများပြားပြီး ထိခိုက် ပျက်စီးမှုကြီးမားသည့် သဘာဝဘေးအန္တရာယ်ပေါင်း (၃၉၉) ကြိမ် ဖြစ်ပွားခဲ့ကာ လူပေါင်း (၈၆၄၇၃) ဦး သေဆုံးခဲ့ ကြောင်း၊ ဘေးသင့် လူဦးရေ (၉၃ ဒသမ ၁)သန်း ထိရှိခဲ့ပြီး စီးပွားရေးဆုံးရှုံးမှုအနေဖြင့် အမေရိကန် ဒေါ်လာ (၂၀၂ ဒသမ ၇) ဘီလီယံရှိခဲ့ကြောင်းကို Emergency Events Data base (EM-DAT) က မှတ်တမ်းပြုထားကြောင်း။


ထိခိုက်ဆုံးရှုံးနိုင်ခြေအမြင့်မားဆုံးဖြစ်

ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုအများဆုံးခံရသည့် နိုင်ငံများသည် အာဖရိကနိုင်ငံများဖြစ်ပြီး ကမ္ဘာ့တိုက်ကြီးများထဲတွင် အမေရိကတိုက်သည် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ အမြင့်မားဆုံး ဖြစ်ပြီး ၎င်း၏ နောက်တွင် အာရှတိုက်၊ အာဖရိကတိုက်၊ သမုဒ္ဒရာ ဒေသတွင်းနိုင်ငံများနှင့် ဥရောပတိုက်တို့က အစဉ် လိုက်ရှိနေသည်ဟု (World Risk Report 2023)အရ သိရှိရကြောင်း။


အချိန်တိုအတွင်း အရှိန်အဟုန်ဖြင့်ဆောင်ရွက်

ကမ္ဘာ့နိုင်ငံအများစုတွင် ရာသီဥတုပြောင်းလဲမှုဆိုးကျိုးကြောင့် မုန်တိုင်းဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မြေငလျင် ဘေး စသည်များ ဖြစ်ပွားခံစားနေရ သကဲ့သို့ မြန်မာနိုင်ငံတွင်လည်းပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလက မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကို ခံစားခဲ့ရကြောင်း၊ သို့သော် ကြိုတင်ပြင်ဆင်မှုများ အားကောင်းခဲ့၍ လူသေဆုံး ထိခိုက်မှု သည် ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းနှင့် နှိုင်းယှဉ်ပါက အလွန် လျော့နည်းခဲ့ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့် အမျိုးသားအဆင့်နှင့် တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဆင့် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များ ၏ ဟန်ချက် ညီညီ လုပ်ဆောင်မှုများကြောင့် မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးကိုလည်း အချိန်တိုအတွင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း။


ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့် စံချိန်တင်မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေကြီးရေလျှံမှုများကို မြန်မာနိုင်ငံအလယ်ပိုင်းတွင် နှစ်ပေါင်း(၈၀) ကျော်၊ (၁၀၀)အတွင်း မကြုံစဖူး ခံစား ခဲ့ရကြောင်း၊ မိုးသည်းထန်မှုကြောင့် လျှပ်တစ်ပြက် ရေကြီးပြီး တောင်ကျရေများ အရှိန်အဟုန်ပြင်းစွာ စီးဆင်းကာ တောင်ကျရေနှင့်အတူ ပါလာသည့် သစ်ပင်သစ်တုံးများ၊ ကျောက်တုံး ကျောက်ခဲများ၊ နုန်းအနည်အနှစ်များကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်(၉)ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ ကြောင်း၊ အိမ်ထောင်စု(၈)သောင်းကျော်၊ လူဦးရေ(၁)သန်းနီးပါး ရေဘေးအန္တရာယ် တွေ့ကြုံခံစားခဲ့ကြ ရပြီး သေဆုံး/ပျောက်ဆုံးသူ (၅၂၀) ရှိခဲ့ကြောင်း၊ တိရစ္ဆာန်ပေါင်း (၁)သိန်း (၈) သောင်းကျော် သေဆုံး ခဲ့ပြီး စပါးနှင့် သီးနှံစိုက်ဧက (၇) သိန်းကျော် ထိခိုက်ခဲ့ရသကဲ့သို့ လမ်းတံတား၊ စာသင်ကျောင်း၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးအစ ရှိသည့် ကဏ္ဍပေါင်းစုံတွင်လည်း ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း။


အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့

နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုပူးပေါင်းပြီး ရှာဖွေ၊ ကယ်ဆယ်ရေး အရေးပေါ်တုံ့ပြန်ရေးနှင့် ကူညီထောက်ပံ့ရေး လုပ်ငန်းများ အချိန်နှင့်တစ်ပြေး ညီ ဆောင်ရွက်ပေးခဲ့ရကြောင်း၊ မိတ်ဆွေနိုင်ငံများ၏ ပြည်တွင်းပြည်ပ စေတနာရှင်များကလည်း ရေဘေး သင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးဆောင်ရွက်မှုများ တွင် စေတနာ၊ သဒ္ဓါထက်သန်စွာ လှူဒါန်းမှုများနှင့်အတူ အထူးသဖြင့် စေတနာရှင် ပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်း တစ်ခုချင်းနှင့် အသင်းအဖွဲ့အလိုက် စုစည်းခြင်းတို့ဖြင့် အလှူငွေများကို လှူဒါန်းလျက်ရှိရာ ယနေ့အထိ နိုင်ငံတော်အဆင့် သုံးကြိမ်ဖြစ်ပြီး အလှူငွေရရှိမှုအနေဖြင့် ငွေကျပ် ၅၂ ဘီလီယံကျော် ထည့်ဝင်လှူဒါန်း ကြရာ အံ့အားသင့်ဖွယ်ဖြစ်ကြောင်း၊ သာမန်အချိန်များ၌ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများသည် မိမိဒေသ အလိုက် အေးချမ်းပျော်ရွှင်စွာ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကိုယ်စီလုပ်ကိုင်နေထိုင်ကြသော်လည်း နိုင်ငံတော်အတွင်း အရေးကြုံလာပါက မေတ္တာစေတနာ ကိုယ်ချင်းစာတရား အပြည့်ဖြင့် ပေါင်းစည်းညီညွတ်အားကို ဖော်ပြနေခြင်းဖြစ် ကြောင်း၊ ထိုသို့ ဆောင်ရွက်မှုသည် ယခုအကြိမ် သာမကပဲ နိုင်ငံတော်၏ အတိတ်သမိုင်းကြောင်း တစ်လျှောက် အရေးကြုံတိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်ကို မည်သူကမျှ ငြင်းပယ်နိုင်မည် မဟုတ် ကြောင်း၊ တစ်နည်းအားဖြင့် မြန်မာတို့၏ စိတ်ဓာတ် ပင်ဖြစ်ကြောင်း။


အသက်ဆုံးရှုံးရသူများအတွက် ဦးစားပေးအဖြစ် ကျန်ရစ်သူမိသားစုများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပုံမှန်ထောက်ပံ့ပေးနေမှုအပြင် အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှုရန်ပုံငွေ နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရန်ပုံငွေများကပါ ထပ်ဆောင်းလျက်ပျမ်းမျှ တစ်ဦးလျှင် ၁၀ သိန်း ထောက်ပံ့ခဲ့ပြီး ဖြစ်သကဲ့သို့ အိုးအိမ်ပျက်စီးမှုများအတွက်လည်း ပျက်စီးမှုပမာဏ အပေါ်မူတည်ပြီး သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့နိုင်ရေး စီစဉ်ပြီးဖြစ်၍ လက်ဝယ်အရောက် ပေးအပ်တော့မည် ဖြစ်ကြောင်း။

အလားတူ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အတွက်လည်း သင့်လျော်သည့် ထောက်ပံ့မှုနှင့် အတိုးမဲ့ချေးငွေများ၊ သက်သာသော အတိုးနှုန်းနှင့် ချေးငွေများ စီမံဆောင်ရွက်ပေးခြင်းတို့ကိုလည်း လျာထားစီမံခြင်းနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ခွဲဝေပေးခြင်းများတစ်ပြိုင်နက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်း၊ တံတားများကိုလည်း လမ်းပန်းဆက်သွယ်မှု အမြန်ဆုံးရရှိအောင် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ချက်ချမှတ်ပြီး နေ့မအား၊ ညမနား ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ပွား ခံစားရပြီဆိုပါက မည်မျှဖွံ့ဖြိုးတိုးတက်ပါစေ၊ ကြွယ်ဝချမ်းသာသော နိုင်ငံဖြစ်စေ၊ ထိခိုက်ဆုံးရှုံးမှုကို အနည်းနှင့် အများခံစားကြရကြောင်း။


အကြုံပြုချက်များကိုလည်း ပေါင်းစပ်ဆောင်ရွက်

သဘာဝဘေးအန္တရာယ်၏ သဘောသဘာဝအရ လုံးဝမဖြစ်အောင် ကာကွယ်တားဆီး၍ မရနိုင်ခြင်းကြောင့် ဖြစ်ပွားလာသည့်အခါတွင် ထိခိုက်ဆုံးရှုံးမှု လျော့နည်းအောင် စီမံဆောင်ရွက်ကြရကြောင်း၊ ထိုသို့ စီမံဆောင်ရွက် သည့် နေရာတွင်လည်း ကဏ္ဍတိုင်းတွင် ဖြစ်ပေါ်လာနိုင်မည့် ထိခိုက်ဆုံးရှုံးမှုများကိုမျှော်တွေးပြီး ကြိုတင်စီမံ ကာကွယ်ဆောင်ရွက်ကြ ရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန် မိမိတို့ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့်လည်း နိုင်ငံတကာ Disasterနှင့် ပတ်သက်ပြီး များစွာ အတွေ့အကြုံရှိခဲ့သည့် ပြည်တွင်းပညာရှင်ကြီးများဦးစီးပြီး ဘေးအန္တရာယ်ပြမြေပုံ( Hazard Map) နှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံ(Risk Map) ရေးဆွဲပြုစုရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထို့ပြင် ၂၀၁၅ ခုနှစ် ကလေးမြို့ မြစ်သာမြစ် ရေလွှမ်းမိုးမှုမှတစ်ဆင့် post flood and land slide needs Assessment ပါအကြုံပြုချက်များကိုလည်း ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။


အရင်းအမြစ်များကို ကောင်းစွာအသုံးပြု

သဘာဝဘေးအန္တရာယ်ဆိုင်ရာ လျှော့ချလျော့ပါးရေးအတွက် ဆောင်ရွက်ရာတွင် အချို့ကဏ္ဍများတွင် ငွေကြေး အရင်းအနှီး၊ လူသားအရင်းအမြစ်များစွာ လိုအပ်ပြီး အချို့ကဏ္ဍများတွင် မိမိတို့တွင်ရှိနေသည့် အရင်းအမြစ်များကို ကောင်းစွာအသုံးပြုဆောင်ရွက် ပါကရနိုင်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ အရေးပါပြီး တန်ဖိုးဖြတ်၍ မရသည့် အရင်းအမြစ်တစ်ခုမှာ မိမိတို့ နိုင်ငံတွင် အားကောင်းစွာရှိပြီးဖြစ်သည့် လူငယ်များ ပင်ဖြစ်ကြောင်း။


ကမ္ဘာပေါ်တွင် လူငယ်လူရွယ်ဦးရေ ၁ ဒသမ ၂ ဘီလီယံရှိပြီး ကမ္ဘာ့လူဦးရေ၏ ၁၆ ရာခိုင်နှုန်းအထိ ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ လူငယ်လူရွယ် ဦးရေသည် ၁၆ ဒသမ ၈ သန်းကျော် ရှိပြီး မြန်မာနိုင်ငံလူဦးရေ၏ ၃၃ ရာခိုင်နှုန်းရှိကြောင်း၊ UNICEF ၏ ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးတွင်ရှိသည့် ကလေးငယ် (၁) ဘီလီယံ သည် ရာသီဥတုပြောင်းလဲမှုဆိုးကျိုးနှင့် နှီးနွှယ် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ အလွန်မြင့်မားနေပြီး ကလေးငယ်ဦးရေ (၂၇) သန်းခန့်သည် ရေကြီး၊ ရေလျှံမှုနှင့် ဆက်စပ်သည့် ဘေးအန္တရာယ်ကို ခံစားခဲ့ရသည်ဟု တွေ့ရှိရကြောင်း။


ကလေးငယ်များကို သဘာဝဘေးဖြစ်စဉ်များ၏ ဆိုးကျိုးသက်ရောက်မှုက လျော့နည်းစေရန် နိုင်ငံ တွင်းအဆင့်နှင့် ဒေသဆိုင်ရာအဆင့် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး မဟာ ဗျူဟာများ ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ကမ္ဘာ့မူဘောင်ဖြစ်သည့် ဆန်ဒိုင်း မူဘောင် ၂၀၁၅-၂၀၃၀ နှင့်အညီ ရေးဆွဲဆောင်ရွက်ကြရန်နှင့် လူငယ်လူရွယ်များ အားလုံးပါဝင်သည့် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ အလေ့အထ ယဉ်ကျေးမှုဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။


သင်ခန်းစာများပိုမိုထည့်သွင်းသင်ကြားနိုင်ရန်လို

လူငယ်လူရွယ်နှင့်ကလေးငယ်များ၏ စွမ်းဆောင်ရည်မြင့်မားစေရန် ပညာရေးနည်းလမ်းကတစ်ဆင့် ဆောင်ရွက်ရာ တွင် လုံခြုံစိတ်ချရပြီး အားလုံးလွှမ်းခြုံပါဝင်သည့် သင်ကြားသင်ယူမှု ဝန်းကျင်ဖြစ်စေရန်၊ သဘာဝဘေးဒဏ်ကြံ့ကြံ့ ခံနိုင်သည့် ကျောင်းများအဖြစ် တည်ဆောက်ပြုပြင်ရန်၊ ကျောင်းသင်ခန်းစာများတွင် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနှင့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေ ဖြစ်စေရေးဆိုင်ရာသင်ခန်းစာများ ပိုမိုထည့်သွင်း သင်ကြားနိုင်ရန်လိုကြောင်း။


မျိုးဆက်သစ်လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများတွင် ငယ်စဉ်ကတည်းက ဘေးအန္တရာယ်ဆိုင်ရာ အသိအမြင် ဗဟုသုတများ ပြည့်ဝနေစေရေး အစဉ်တစိုက် ဆောင်ရွက်ပေးရန်၊ ဘေးအန္တရာယ်ကြောင့် ပညာသင်ကြားရေး မထိခိုက် စေရန်အတွက် ဘေးအန္တရာယ်မှ ကြံ့ကြံ့ခံနိုင်သော စာသင်ကျောင်းအဆောက်အဦများစွာ ပေါ်ထွန်းလာ စေရေးလည်း လိုအပ်ကြောင်း။


သဘာဝဘေးအန္တရာယ်ဆိုင်ရာ သင်ခန်းစာများ လေ့ကျင့်သင်ကြားပေး

စာသင်ကျောင်းများတွင် သဘာဝဘေးဖြစ်လာပါက ဘေးကင်းစေရေး အစီအမံများနှင့် လက်တွေ့ သရုပ်ပြ လေ့ကျင့်ခန်းများ တိုးတက်ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး ပညာပေးနိုင် သည့် ကာတွန်း၊ ဇာတ်လမ်း၊ တေးဂီတ၊ ရုပ်ရှင်၊ ပြပွဲ၊ ပြိုင်ပွဲနှင့် လက်တွေ့လေ့ကျင့် နိုင်သည့်အစီအစဉ်များ တိုးမြှင့်ဆောင်ရွက်နိုင်ရန် လိုကြောင်းနှင့် ယခုနှစ် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေ လျှော့ချရေးဆိုင်ရာ အထူးကိုယ်စားလှယ် နှင့် United Nations Office for Disaster Risk Reduction (UNDRR) အကြီးအကဲ Mr. Karmal Kishore မှလည်း ကျောင်းနေအရွယ်ကလေးများမှ အဆင့်မြင့် ပညာရေး ကျောင်းသား၊ ကျောင်းသူများအထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သင်ခန်းစာများ လေ့ကျင့်သင်ကြား ပေးနိုင်ရေးကိုလည်း တိုက်တွန်း ထားပါကြောင်း။


သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများ၏ အခြေခံအုတ်မြစ်သည် ကြိုတင်ပြင်ဆင်ခြင်း၊ လျော့ပါးစေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အားကောင်းစေရေးပင်ဖြစ်ကြောင်း၊ သဘာဝဘေးကို လျှော့ချ နိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်ဆောင်ရွက်ကြရာတွင်  အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် ပြည်သူလူထု၏ စွမ်းပကား သည် အလွန်အရေးပါကြောင်းကို အားလုံးက သိရှိပြီး ပူးပေါင်းပါဝင်ကြရန်လိုအပ်ကြောင်း၊ ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်တတ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ မှန်ကန်သည့် အသိပညာဗဟုသုတများ အတွေ့အကြုံ အလေ့အကျင့်ကောင်းများ ရှိကြစေရန်၊ သဘာဝဘေးအန္တရာယ်သည် နေရာအချိန်မရွေး ဖြစ်ပွားတတ် ခြင်းကြောင့် ဘေးအန္တရာယ်နှင့် တွေ့ကြုံရင်ဆိုင်ကြရသည့်အခါ လိုက်နာရမည့် လုပ်ငန်းစဉ်များ၊ ရှောင်ကြဉ်ရမည့် အချက်များကို သိရှိပြီး အတိအကျ လိုက်နာဆောင်ရွက်ကြရန်အတွက် ကြိုတင်ကာကွယ်မှုနှင့် အသိပညာပေး လုပ်ငန်းများ ထိထိရောက်ရောက်လုပ်ကြရန် အရေးကြီးကြောင်း။


သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေကို ထိရောက်စွာ လျှော့ချနိုင်ရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံ နိုင်သည့် ငြိမ်းချမ်းသာယာပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ပိုမိုကောင်းမွန်သည့်အနာဂတ်ကို တည်ဆောက်နိုင်ရန် မျိုးဆက်သစ်များ၏ စွမ်းအားကိုမြှင့်တင်ပေးပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။


ရှင်းလင်းတင်ပြ

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် UNDRR ၏ အကြီးအကဲ Mr.Karmal Kishore ထံမှ ပေးပို့သည့် သဝဏ်လွှာသတင်း စကားရုပ်သံနှင့် သဘာဝဘေးလျော့ပါးရေး လှုပ်ရှားမှု မှတ်တမ်း ဗီဒီယိုကို ပြသသည်။


ဖျော်ဖြေတင်ဆက်

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက “သဘာဝဘေးဒဏ်ကြံ့ကြံ့ခံ မျိုးဆက်သစ်တို့ အားမာန်” တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက် ကြသည်။


ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိကြသူများကို ဂုဏ်ပြု ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒေါက်တာစိုးဝင်းတို့က ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင် ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် တက္ကသိုလ် အဆင့်ပန်းချီပြိုင်ပွဲနှင့် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။


လှည့်လည်ကြည့်ရှု

ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.