ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ မန္တလေးနည်းပညာတက္ကသိုလ်၌ မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးနှစ် (၁၀၀) ပြည့် အကြိုဂုဏ်ပြု အင်ဂျင်နီယာပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်
နေပြည်တော် အောက်တိုဘာ ၁၂
မန္တလေးနည်းပညာတက္ကသိုလ်၌ အောက်တိုဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုလျက် “အင်ဂျင်နီယာများ၏ စွမ်းအားဖြင့် အနာဂတ်ကောင်းများကို ပူးပေါင်းမြှင့်တင်ကြပါစို့” ဆောင်ပုဒ်ဖြင့် အင်ဂျင်နီယာပွဲတော် (MTU Engineering Festival 2024) ကို Project Show များ၊ စာတမ်းဖတ်ပွဲများ၊ လူငယ်စကားဝိုင်းများ၊ ပြိုင်ပွဲများ၊ ဖျော်ဖြေရေးများဖြင့် အစီအစဥ်စုံလင်စွာကျင်းပရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အင်ဂျင်နီယာကျောင်းသားများ (၁၀၀၀) ခန့် စိတ်ဝင်စားပျော်ရွှင်စွာ ဆင်နွှဲကြပြီး မွန်းလွဲပိုင်း အစီအစဥ်များကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဆက်လက် တက်ရောက်အားပေးသည်။
ဉီးစွာ ဒုတိယဝန်ကြီးသည် ပင်မစာသင်ဆောင် (၂) ၌ ကျင်းပလျက်ရှိသော အင်ဂျင်နီယာ သုတေသီများ၏ Talk Show ကိုလည်းကောင်း၊ စာတမ်းဖတ်ပွဲ Parallel Session များကိုလည်းကောင်း၊ စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကိုလည်းကောင်း ကြည့်ရှုအားပေး၍ ဘဝတိုးတက်ရေး၏ ရေသောက်မြစ်မှာ စာဖတ်ခြင်းပင်ဖြစ်ပြီး အင်ဂျင်နီယာ အရည်အချင်းပြည့်ဝစေမှု အပါအဝင် စာပေမှတန်ဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း မှာကြားကာ ကျောင်းသား၊ ကျောင်းသူများထံ အင်ဂျင်နီယာပညာရေးနှင့် သုတ၊ ရသစာအုပ်များကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပင်မစာသင်ဆောင် (၁) ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ဘွဲ့ကြိုအင်ဂျင်နီယာ ဘာသာရပ် (၁၀) ခုမှ ကျောင်းသား၊ ကျောင်းသူများ၏ Engineering Battle ကို အဖွဲ့လိုက် စိတ်အားထက်သန်လျက် ပျော်ရွှင်တက်ကြွစွာ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။
ဆုချီးမြှင့်ပွဲအခမ်းအနား မစတင်မီ Engineering Battle တွင် ယှဥ်ပြိုင်ကြခဲ့သည့် အဖွဲ့များကို Online Voting ပေးနေစဥ် ဖျော်ဖြေရေးအစီအစဥ်များကိုကျင်းပသည်။ ကျောင်းသား၊ ကျောင်းသူ များက မင်္ဂလာပါ သီချင်းနောက်ခံဖြင့် အက၊ မလေးလက်ခတ်သံ သီချင်းနောက်ခံဖြင့်အက၊ မနောမြေမှတေးသံသာ သီချင်းနောက်ခံဖြင့် အကနှင့် မန်းတောင်ရိပ်ခို သီချင်းကို သီဆို၍ အကတို့ဖြင့် အဖွဲ့လိုက်အသီးသီးဖျော်ဖြေတင်ဆက်ကြရာ ဒုတိယဝန်ကြီးက ဖျော်ဖြေရေးအဖွဲ့ များထံ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုငွေ (၁၀) သိန်းကျပ်ကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဆုချီးမြှင့်ပွဲတွင် ဒုတိယဝန်ကြီး၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီ၊ တပ်မတော်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့် နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များနှင့် တာဝန်ခံ ဒုတိယပါမောက္ခချုပ်များက ဆုရရှိသူများထံ ဆုများကို ဂုဏ်ပြုချီးမြှင့်ကြသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများက အင်ဂျင်နီယာစွမ်းရည်မြှင့်တင်ရေး စိတ်ခွန်အားများ ရရှိခဲ့မှုများနှင့် အမှတ်တရကျေးဇူးတင်စကားများပြောကြားကာ ဒုတိယဝန်ကြီးက မြန်မာ့ အင်ဂျင်နီယာကြီးများ၏ သမိုင်းဝင် နိုင်ငံ့အကျိုးပြု စွမ်းဆောင်နိုင်မှုများကို မျိုးဆက်သစ်အင်ဂျင်နီယာလူငယ်များက အားကျအတူယူကြပြီး တာဝန်များကို ပခုံးပြောင်း ထမ်းရွက်ချိန်၌ ခေတ်မီအင်ဂျင်နီယာ စွမ်းရည်များဖြင့် အနာဂတ်ကောင်းများကို စည်းလုံး ညီညွတ်စွာ ပူးပေါင်းမြှင့်တင် တည်ဆောက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဥ်
No comments