ရွှေတိဂုံစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့်အကြို အဖိတ်နေ့တွင် ဆီမီးလှည့်လည်ပူဇော်ပွဲ ကျင်းပမည်
ရန်ကုန် အောက်တိုဘာ ၁၄
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့်အကြို အဖိတ်နေ့တွင် ဆီမီးလှည့်လည်ပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
ရွှေတိဂုံစေတီတွင် သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများနှင့် မီးစေတီ (၅)ဆူ လှည့်လည်ခြင်းနှင့် ဆီမီး (၁၀,၀၀၀) ပူဇော်ပွဲကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
“သီတင်းကျွတ် လပြည့်အကြိုနေ့ဖြစ်တဲ့ (၁၆)ရက် ညနေမှာ မီးထွန်းပူဇော်ဖို့ ရှိပါတယ်၊ ညနေ (၅)နာရီမှာ ကျွန်တော်တို့ ပြုလုပ်ထားတဲ့ မီးစေတီကို မီးထွန်းပြီး ဘုရားကို တစ်ပတ်ပတ် လှည့်လည်မှာဖြစ်ပါတယ်၊ လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ နံနက်တွင် အရုဏ်ဆွမ်းတော်ကြီး တင်လှူခြင်းပြုလုပ်သွားမှာပါ” ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဘုရားဖူး ပြည်သူများအနေဖြင့် သီတင်းကျွတ် အခါသမယတွင် မီးပူဇော်ခြင်းကို ပါဝင်ဆင်နွှဲနိုင်ကြောင်းနှင့် သီတင်းကျွတ်လပြည့်နေ့ အခါသမယတွင်လည်း ပုံမှန်ဘုရားဖွင့်ချိန်ဖြစ်သည့် နံနက် ၅ နာရီမှ ည ၉ နာရီအထိ ရွှေတိဂုံစေတီတော်ကြီးသို့ ဘုရားဖူးများ လာရောက်ဖူးမြော်နိုင်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)
No comments