ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးအား ဆီမီး ၁၀၀၀၀ ဆက်ကပ် လှူဒါန်းပူဇော်



ပဲခူး    အောက်တိုဘာ    ၁၉  

ပဲခူးမြို့   ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား အောက်တိုဘာ ၁၇ ရက် ညပိုင်း သီတင်း ကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်၍ ဆီမီး ၁၀၀၀၀ ဆက်ကပ်လှူဒါန်းပူဇော်ပွဲအား ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။


ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်  ဇနီး၊ တိုင်းဒေသကြီး  တရား လွှတ်တော်တရားသူကြီးချုပ်၊   တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဗုဒ္ဓဂုဏ်တော်များကို ရည်မှန်း၍ နမောတဿသုံးကြိမ်ရွတ်ဆို ကန်တော့ခဲ့ကြသည်။  ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် စေတီတော် မြတ်ကြီးအား ဆီမီး ၁၀၀၀၀ ကို စတင်မီးထွန်းညှိပူဇော်ခဲ့ကြသည်။


ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူတို့က ဆုတောင်းပြည့် ရွှေမော်ဓော ရင်ပြင်ပေါ်၌  ဆီမီးများထွန်းညှိခြင်း၊  ရောင်စုံမီးပုံးပျံများ လွှတ်တင်ပူဇော်ခဲ့ကြပြီး တေးညွှန့် မင်္ဂလာတေးဂီတအဖွဲ့က ငြိမ့်ညောင်းသာယာသော ဓမ္မတေးများဖြင့် သီဆိုပူဇော်ခဲ့ကြရာ တိုင်းဒေသကြီး  ဝန်ကြီးချုပ်က  ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်သည်။


သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ ညချမ်းအချိန်တွင် ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး၊ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး၊ ကျိုက်ပွန် လေးမျက်နှာ ဘုရား၊   မဟာစေတီတော်မြတ်ကြီး၊ ရွှေဂူလေးဘုရား၊ ရွှေဂူကြီးဘုရား၊ ကျိုက်ပညာ ယျစေတီတော် မြတ်ကြီး  စသည့်  ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီတို့တွင်   သီတင်းကျွတ်ကာလ အချိန်အတွင်း   ညစဉ် ဆီမီးပူဇော်ခြင်းနှင့်အတူ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် အထူးစည်ကား သိုက်မြိုက်လျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.