သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်တတိယ(နောက်ဆုံးရက်) နံနက်ပိုင်းတွင် ဈေးလာ ရောက်ဝယ်ယူသူပြည်သူများ၊ ဂီတပွဲတော် လာရောက်ဆင်နွှဲကြသူလူငယ်များဖြင့် စည်ကားလျက်ရှိ
ရန်ကုန် အောက်တိုဘာ ၁၈
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပလျက်ရှိသည့် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော် တတိယ(နောက်ဆုံးရက်) ယနေ့နံနက်ပိုင်းတွင် ဈေးလာရောက်ဝယ်ယူသူပြည်သူများ၊ ဂီတပွဲတော် လာရောက်ဆင်နွှဲကြသော လူငယ်များဖြင့် စည်ကားလျက်ရှိသည်။
ဈေးရောင်းပွဲတော်တွင် အီလက်ထရောနစ်ပစ္စည်း အရောင်းဆိုင်များ၊ ဆိုလာအရောင်းဆိုင်များ၊ အဝတ်အထည်အရောင်းဆိုင်များ၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များ၊ MSME အရောင်းဆိုင် ၄၈ ဆိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအရောင်းဆိုင် ၂၆ ဆိုင်၊ သမဝါယမဦးစီးဌာန အရောင်းဆိုင် ၁၅ ဆိုင်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဦးစီးဌာန အရောင်းဆိုင် ၁၅ ဆိုင်၊ သက်ဆိုင်ရာခရိုင်အလိုက် ထုတ်ကုန် အရောင်း ဆိုင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများနှင့် စားသောက်ကုန် ပစ္စည်း အရောင်းဆိုင်များ၊ သုတ/ရသ စာအုပ်အရောင်းဆိုင်များတွင် ပြည်သူများ လာရောက်ဝယ်ယူအားပေး လျက်ရှိကြပြီး အဆိုပါဆိုင်များတွင် ဈေးရောင်းချသူများထံမှ ဈေးရောင်းကောင်းကြောင်း၊ တစ်နေ့လျှင် ငွေကျပ်ငါးသိန်းမှ ဆယ်သိန်း ဝန်းကျင်ခန့် ရောင်းချရကြောင်း၊ တချို့ဆိုင် များတွင် ၁၅ သိန်းအထက် သိန်း ၂၀ ဝန်းကျင်ခန့်အထိ ရောင်းချရကြောင်း သိရသည်။
ထိုကဲ့သို့ ဝယ်ယူအားပေးကြသော ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိနေမှုများကို ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက လိုက်လံကြည့်ရှုအားပေး ကြပြီး ကိုယ်တိုင်လည်း ဝယ်ယူအားပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျန်းမာရေးနှင့်အညီ စတုဒိသာကျွေးမွေး ရန် ပြင်ဆင်ချက်ပြုတ်ဆောင်ရွက်နေသည့်နေရာသို့ သွားရောက်ကြည့်ရှုပြီး အစားအစာများကို သန့်ရှင်းစွာ ကိုင်တွယ်ချက်ပြုတ်ကြရန်နှင့် စနစ်တကျ စီမံဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။ ပွဲတော်ရက်အတွင်း တစ်နေ့လျှင် သုံးကြိမ် စတုဒိသာများနှင့် အအေးများ ကျွေးမွေး ကြသည်။
ယနေ့သည် ဈေးရောင်းပွဲနောက်ဆုံးရက်ဖြစ် သည်နှင့်အညီ နိုင်ငံကျော်တေးသံရှင်များက နံနက် ၉ နာရီမှစတင်၍ တေးသီချင်းများ၊ ဒီဂျေများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ လူငယ်လူရွယ်အများ အပြားက ကြည့်ရှုအားပေး၍ ပျော်ရွှင်စွာဖြင့်အတူ လိုက်ပါသီဆိုကခုန်ခြင်းများဖြင့် ပျော်ရွှင်စွာ ဆင်နွှဲကြသည်။
အဆိုပါဈေးရောင်းပွဲတော်ကို နံနက် ၇ နာရီမှ ည ၇ နာရီအထိလည်းကောင်း၊ စတိတ်ရှိုးတေးဂီတနှင့် ဒီဂျေတင်ဆက်မှုများကို နံနက် ၁၀ နာရီမှ ည ၉ နာရီ အထိလည်းကောင်း ကျင်းပမည်ဖြစ် ကြောင်းနှင့် ညပိုင်းတွင် မီးရှူးမီးပန်းများပစ်ဖောက်၍ မီးပုံးပျံများ လွှတ်တင်မည်ဖြစ်ရာ ပြည်သူများအနေဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်းနှင့် အကြိုအပို့ကားများကို သက်ဆိုင်ရာ မြို့နယ်အလိုက် စီစဉ်ပေးထားကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)

No comments