ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံစုံ ၂၀၁၁၄၉ ဧကလျာထားစိုက်ပျိုးမည်


ကန့်ဘလူ အောက်တိုဘာ ၁၉


စစ်ကိုင်းတိုင်းဒေသ​ကြီး ကန့်ဘလူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ရာသီ၌ ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်း၊ မုန်ညှင်း၊ နေကြာနှင့်ပန်းနှမ်း စသည့် သီးနှံမျိုးစုံ ၂၀၁၁၄၉ ဧကလျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား ရေးအတွက် ဆီထွက်သီးနှံမျိုးစုံအထွက်ကောင်း မျိုးကောင်းမျိုးသန့်များ သုံးစွဲရေးနှင့် စိုက်စနစ် မှန်ကန်ရေး၊ ဒေသထွက်မြေဩဇာ အချိုးကျသုံးစွဲနိုင်ရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။


ဆီထွက်သီးနှံများ စီးပွားဖြစ်စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံများ အရည်အသွေးကောင်းရရှိရေး၊ နောက်ဆုံးပေါ် နည်းပညာများ ရယူသုံးစွဲနိုင်ရေးနှင့် စျေးကွက်ဝင်ဆီထွက်သီးနှံများကို စိုက်ပျိုးကြဖို့ ကိုလည်း စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန် ရှိသူတစ်ဦးက ပြောသည်။


ကန့်ဘလူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံများ လျာထားစိုက်ပျိုးမှု အနေဖြင့် မြေပဲ ၉၅၂၆၈ ဧက၊ နှမ်း ၉၆၇၁၆ ဧက၊ မုန်ညှင်း ၅၆၃ ဧက၊ နေကြာ ၃၀၄၄ ဧကနှင့်ပန်းနှမ်း ၅၅၅၈ ဧက စုစုပေါင်း ၂၀၁၁၄၉ ဧကစိုက်ပျိုးမည်ဖြစ်ပြီး မြို့နယ်အတွင်းသာမက ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် သက်ဆိုင်ရာမိတ်ဖက်ဌာနများ၊ ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ အောင်မြင်အောင် အကောင်အထည်ဖော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

No comments

Powered by Blogger.