ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၃)ကြိမ်မြောက် လစဉ် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
ပဲခူး အောက်တိုဘာ ၂၁
ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လစဉ် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၂၃)ကြိမ်မြောက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးကြောင်း သိရသည်။
ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီဟနှင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်တို့၏ အနီးကပ်ကြီးမှုဖြင့် ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသမှုများ ပြုလုပ်ပေးကြပြီး ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများက လိုအပ်သည်များကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြသည်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက် မရှိစေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီနောက် ကျန်းမာရေးနှင့်ပတ်သက်၍ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခြင်းဖြင့် ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှု လစဉ် တိုင်းဒေသကြီးအတွင်း မြို့နယ် (၂၈)မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးပေးခြင်း၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး (၁)လစာ လစဉ်ထောက်ပံ့ပေးခြင်း၊ အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းအပြင် လူနာစောင့်များအတွက် နေ့စဉ် ထမင်းနှင့်ဟင်းအား အထူးသက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း၌ အငြိမ်းစား နိုင်ငံဝန်ထမ်း ၉၃၀၀၀ ကျော်ရှိပြီး ပဲခူးမြို့နယ်အတွင်း၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ၁၂၀၀၀ ကျော် နေထိုင်လျက်ရှိကြောင်း သိရှိရသည်။
တင်စိုး(ပဲခူး)
No comments