နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရေနစ်မြုပ်သည့် လယ်ယာမြေများ ပြန်လည် စိုက်ပျိုးနိုင်ရေး သွင်းအားစုပေးအပ်ပွဲ တက်ရောက်




နေပြည်တော်၊ အောက်တိုဘာ ၁၅


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်အတွင်း လမ်းအဆင့်မြှင့်တင်ခြင်း၊ ရေကြီးရေလျှံမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများအတွင်း သွင်းအားစု ထည့်သွင်းခြင်းသရုပ်ပြပွဲနှင့် ရေစီး ရေလာ ကောင်းမွန်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။


ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ် ကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာအနီးတွင် မွန်းတည့်ခွင် - ကျည်တောင် - ခေါမ - ညောင်ပင်သာ လမ်းအား နေပြည်တော်လမ်းဦးစီးဌာနမှ ကွန်ကရစ်လမ်းခင်းခြင်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လမ်းရေရှည်ခိုင်ခံ့စေရေး၊ သတ်မှတ်စံ ချိန်စံညွှန်းပြည့်မီစေရေး၊ လမ်းပုခုံးသားများ စနစ်တကျဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို မှာကြားသည်။



ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ကြို့တန်းကျေးရွာ၊ ကွင်းအမှတ် ၁၅၇၆၊ ယာယီရှင်းလင်းဆောင်တွင် ကျင်းပသည့် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများကို ပြန်လည်ကုစားရန် သွင်းအားစုများ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် ပျက်စီးလယ်ယာမြေများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မတ်ပဲ၊ နှမ်း၊ နေကြာ၊ ပဲကြီးမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို တက်ရောက်၍အမှာစကားပြောကြားသည်။


ထို့နောက် ပျဉ်းမနားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းက ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ခဲ့သည့်စပါးခင်းများအား ပြန်လည်ကုစားရန်နှင့် သွင်းအားစုများ ထည့်သွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပျက်စီးခဲ့သည့် လယ်ယာများ ပြန်လည်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် နေပြည်တော်ကောင်စီဝင်များ က ရေကြီး နစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစု ဓာတ်မြေဩဇာများနှင့် ပျက်စီးလယ်မြေများ ပြန်လည်စိုက်ပျိုးနိုင်ရေး မတ်ပဲ၊ နှမ်း၊ နေကြာ၊ ပဲကြီးမျိုးစေ့များကို တောင်သူများကို ထောက်ပံ့ပေးအပ်ကြရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ထို့နောက် ရေကြီးရေလျှံမှုကြောင့် စပါးခင်းများ ပြန်လည်ကုစားရန်အတွက် သွင်းအားစုများ ထည့်သွင်းခြင်း လက်တွေ့သရုပ်ပြသဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။



ဆက်လက်၍ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာအနီး ကျွန်းရောင်း - အိုင်စောက် - ပေါင်းလောင်း ရေနုတ်မြောင်း ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရွာသစ်ကြီး ကျေးရွာအတွင်း နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ရေဆိုးထုတ်မြောင်း တူးဖော်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင် ရွက်ပေးသည်။


ထို့နောက် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအနီး ပင်လောင်းလမ်းဆုံ၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး လမ်းဘေး ဝဲ/ယာရှိ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်




No comments

Powered by Blogger.