ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ပုသိမ်မြို့ရှိ အဆင့်မြင့်ရေကူး ကန်သစ်ဖွင့်ပွဲနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်



ရန်ကုန်၊ အောက်တိုဘာ ၁၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အဆင့်မြင့်ရေကူးကန်သစ်ဖွင့်ပွဲနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီ တွင်  ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊  ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်း ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊   အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး၊  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊  အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ၊  ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် တို့က ပုသိမ်မြို့ အဆင့်မြင့်ရေကူးကန်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုဖွင့်လှစ်သည့် ပုသိမ်အဆင့်မြင့် ရေကူးကန်သည်  မြေဧရိယာ (၁ ဒသမ ၇၈၉) ဧကအပေါ်မှာ အလျားပေ (၃၈၀)၊ အနံပေ (၁၄၀)၊ အမြင့် (၅၄) ပေ ဆောက်လုပ်ထားပြီး ကူးလမ်း (၁၀) ခုပါ အလျားမီတာ (၅၀) ၊ အနံ(၂၅) မီတာရေကူးကန် နှင့် (၂၅) မီတာပတ်လည်ကျယ်ဝန်းသည့် ဒိုင်ဗင်ကန်တို့ကို ထည့်သွင်းဆောက်လုပ်ထားပါကြောင်း ၊ ကန်၏ဘေး နှစ်ဖက်တွင် ပရိသတ် (၁၅၉၇) ဦး ဆံ့ထိုင်ခုံများ ထည့်သွင်းတပ်ဆင်ထားပြီး အဆင့်မီရေသန့်စင် စနစ်များနဲ့  LED Score board ၊ အဝတ်လဲခန်းများ ထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါ‌ကြောင်း၊ ရေကူးကန်မှာ ရေဂါလံ (၅၅၀,၀၀၀)၊ ဒိုင်ဗင်ကန်မှာ ရေဂါလံ (၆၈၀,၀၀၀) ဝင်ဆံ့ပြီး ရေကူးကန်ကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် (၄၅၅၆ ဒသမ ၈၁၀) သန်းအကုန်အကျခံကာ ဒီဇိုင်းမန္တလေးကုမ္ပဏီက တစ်နှစ်ကြာ တည်ဆောက်ထားခဲ့ပါကြောင်း၊ နေပြည်တော် ဝဏ္ဏသိဒ္ဓိရေကူးကန်၊ ဇေယျာသီရိ ရေကူးကန်တို့ပြီးလျှင် မြန်မာနိုင်ငံတွင် ဒုတိယအဆင့်မြင့်ဆုံး ရေကူးကန်ဖြစ်ပါကြောင်း၊ ရေကူး၊ ဒိုင်ဗင်အားကစားနည်းသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် အားကစား နည်းပြီးလျှင် ဒုတိယရွှေတံဆိပ်အများဆုံး အားကစားနည်းဖြစ်သည့်အတွက် ရေကူးအားကစားနည်း ပြန်လည်ဦးမော့လာစေရေးအတွက် အဆင့်မီရေကူးကန်များ တည်ဆောက်ပေးလျက်ရှိသကဲ့သို့ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) နှင့် မန္တလေးတို့တွင် ထည့်သွင်းသင်ကြားလေ့ကျင့်ပေးခြင်း၊ ရေကူးကလပ်များကို အားပေးပံ့ပိုးခြင်း၊ ရေကူးနည်းပြသင်တန်းနှင့် ရေကူးအခြေခံ/ အဆင့်မြင့် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ရေကူးအားကစားနည်းကို နည်းစနစ်တကျ ပြန့်ပွားလာအောင် နိုင်ငံတော်က အားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာအောင် တာဝန်ရှိသူများအားလုံးက ဆက်လက်ဆောင်ရွက် ပေးကြရန် မှာကြားသည်။


ထို့နောက် အဆင့်မြင့်ရေကူးကန် တည်ဆောက်ရေးကုမ္ပဏီမှ အဆောက်အဦများအား လွှဲပြောင်းပေးအပ်ရာ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက လက်ခံရယူသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊  အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရေဖြင့် ပက်ဖြန်း၍ ဖွင့်လှစ်ပေးခဲ့ပြီး  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ရေကူးပြိုင်ပွဲ ဒိုင်ဗင်သရုပ်ပြပွဲနှင့် အမျိုးသား/အမျိုးသမီး မီတာ (၅၀) အလွတ်ကူးရေကူးပြိုင်ပွဲများ   ယှဉ်ပြိုင်ကစားမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။ 


သတင်းစဉ်



No comments

Powered by Blogger.