ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများအား ကြည့်ရှုစစ်ဆေး


နေပြည်တော် အောက်တိုဘာ  ၁၉


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အောက်တိုဘာ (၁၇) ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ရတနာပုံစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆောင်ရွက်‌နေမှု၊ ဝါကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးသည်။


ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများကို ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး ဆောင်ရွက်နေမှု၊ ဝါကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ ကြိတ်လုံးနှစ်လုံးတပ် ဝါကြိတ်စက်အား နေရောင်ခြည်စွမ်းအင်ဖြင့် လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး MSME များ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများအား မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်နေသည့်အပေါ် ပြန်လည်သုံးသပ်၍ အားနည်းချက်များတွေ့ရှိပါက အမြန်ဆုံး ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများအား ဆန်၊ ဆီများကို ထောက်ပံ့ပေးအပ်သည်။


အောက်တိုဘာ (၁၈)ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)သို့ ရောက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နည်းပညာ ပံ့ပိုးမှုဖြင့် အထည်ချုပ်သင်တန်းကျောင်းများ ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်တန်းများအား အစီအမံများ စနစ်တကျ ရေးဆွဲဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နို့ချက်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် နည်းပညာ ပံ့ပိုးပေးရန် တင်ပြချက်အရ ပြင်ဦးလွင်မြို့ရှိ ဒီဇင်ဘာနို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေးအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ဒီဇင်ဘာခြံမှ ထုတ်ကုန်ပစ္စည်းများကို အားပေးကြည့် ရှသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သုတေသနဌာနခွဲ (ပြင်ဦးလွင်) သို့ ရောက်ရှိပြီး အထက်မြန်မာပြည်ရှိ MSME များမှ ထုတ်လုပ်သော စားသောက်ကုန်များအား စမ်းသပ် စစ်ဆေးပေးနိုင်ရေးအတွက် ဓာတ်ခွဲခန်းဖွင့်လှစ်ရန် အဆောက်အဦများအား ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြစ်သားမြို့ရှိ အမှတ်(၇)အထည် စက်ရုံ (မြစ်သား) သို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ကျောက်ဆည်စက်မှုနယ်မြေမှ စက်ရုံမှူးများ၊ အမှတ် (၇) အထည်စက်ရုံ (မြစ်သား) မှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားပြီး မွန်းလွဲပိုင်းတွင် ရမည်းသင်းမြို့ရှိ အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း) ၌ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ဆီထွက်သီးနှံများအား ကြိတ်ခွဲနေမှု အခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်





No comments

Powered by Blogger.