နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး




နေပြည်တော် အောက်တိုဘာ ၁၉


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် မေယုလမ်း မြေသားပြုပြင်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့နောက် ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိ ရပ်ကွက်အတွင်းရှိ အိလက်ရာ အသင့်စားဖွယ် စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းခွင်နှင့် ရွှေအင်ကြင်းရပ်ကွက်အတွင်းရှိ ဒေသထွက်ကုန်ကြမ်းမှ အဆင့်မြင့်စားသုံးဆီ ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နေသည့် လင်းစိန်ဆီစက်နှင့် ဆီထုပ်ပိုးမှုလုပ်ငန်းခွင်တို့သို့ ရောက်ရှိပြီး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဒေသထွက် ကုန်ကြမ်းများကို အဆင့်မြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ဒေသတွင်းသာမက ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ရေး ဆောင်ရွက်ကြရန်၊ နေပြည်တော်အတွင်း အလားတူလုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်ရေး အားပေးဆောင်ရွက်ရန်၊ ပြည်ပသွင်းကုန်အစားထိုး လုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။


ယင်းနောက် ကျီးသဲလေးထပ် ပညာရေးစင်တာကျောင်းတိုက် ပဓာနနာယက၊ မဟာ ဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇဓမ္မစရိယ ဒေါက်တာ အရှင်စန္ဒာဝရ အား သွားရောက်ဖူးမြော် ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်

No comments

Powered by Blogger.