ပါကစ္စတန်အနောက်တောင်ပိုင်း၌ ကျောက်မီးသွေးတွင်းများတိုက်ခိုက်ခံရမှုကြောင့် အလုပ်သမား ၂၀ သေဆုံး
အောက်တိုဘာ ၁၁
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း
ဘာလိုချီစတန်ပြည်နယ်ရှိ ကျောက်မီးသွေးတွင်းများ တိုက်ခိုက် ခံရမှုကြောင့် အလုပ်သမား
၂၀ သေဆုံးပြီး အခြားခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါမတော်တဆမှုသည် ထိုပြည်နယ်၏
ဒူကီခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အမည်မသိ တိုက်ခိုက်သူများက လက်ပစ်ဗုံးများဖြင့်
ကျောက်မီးသွေးတွင်း ၁၀ တွင်းထက်မနည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ တွင်းထဲတွင် အလုပ်လုပ်ကိုင်နေသော
အလုပ်သမားများသေဆုံး၊ ဒဏ်ရာရရှိခဲ့ ကြကြောင်း ယင်းခရိုင်နိုင်ငံရေးအကြီးအကဲ ဟာဂျီခါရူလာရှ်နာဆာက
မီဒီယာကို ပြောကြားသည်။
သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသောအလုပ်သမားများကို
နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးခဲ့ ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူအများအပြားမှာ အခြေအနေစိုးရိမ်ဖွယ်ရာဖြစ်ကြောင်း
ရဲတပ်ဖွဲ့က ပြောသည်။ ထိခိုက်ဒဏ်ရာရသေဆုံးသူအများစုသည် ဘာလိုချီစတန်ပြည်နယ်ရှိ ခရိုင်များတွင်
နေထိုင်သူများဖြစ်သည်ဟု သိရသည်။ ၎င်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သည့်အုပ်စု၏ လက်ချက်
ဖြစ်သည်ကိုမူ မသိရှိရသေးကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments