ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက္ကူစက်ရုံ(ရေနီ) ကြည့်ရှုစစ်ဆေး
နေပြည်တော် အောက်တိုဘာ ၁၁
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့သည် ယနေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေနီမြို့ရှိ စက္ကူစက်ရုံ(ရေနီ)သို့ ရောက်ရှိပြီး ကောက်ရိုးမှ တစ်ပိုင်တစ်နိုင် ပျော့ဖတ်များထုတ်လုပ်နိုင်ရေးအတွက် ဓာတ်ခွဲခန်းသုံး ပျော့ဖတ်ချက်အိုးငယ်ဖြင့် ကောက်ရိုးပျော့ဖတ်များ စမ်းသပ်ချက်လုပ်နေမှု၊ အသေးစားစက္ကူစက်ငယ်ဖြင့် စက္ကူထုတ်လုပ်နေမှု၊ ကောက်ရိုးမှပျော့ဖတ်များ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက သုတေသနလုပ်ငန်းများ အောင်မြင်ပါက တောင်သူများနှင့် MSME လုပ်ငန်းရှင်များသို့ နည်းပညာလွှဲပြောင်းပေး အပ်သွားမည်ဖြစ်ကြောင်း၊ ကောက်ရိုးမှ ပျော့ဖတ်များ ထုတ်လုပ်မည့် စက်ပစ္စည်းများ၏ ဒီဇိုင်းပုံစံများကို ကြိုတင်ရေးဆွဲထားရန်၊ စက္ကူစက်ရုံ(ရေနီ)၌ရှိပြီး ဖြစ်သည့် စက္ကူထုတ်လုပ်ခြင်းနည်း ပညာများတိမ်ကောပျောက်ပျက်မှုမရှိစေရေး ဆင့်ပွားသင်တန်းများ ပြုလုပ်ရန်၊ ဝန်ထမ်းများအနေဖြင့် တတ်ကျွမ်းထားသည့် နည်းပညာများဖြင့် တောင်သူများနှင့် MSME လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် မှာကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများဝင်ငွေတိုးတက်စေရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေးတို့အတွက် ကောက်ရိုးမှပျော့ဖတ်ထုတ်လုပ်သည့် စမ်းသပ်လုပ်ငန်းများကို အောင်မြင်စွာဖြင့် အမြန်ပြီးစီးအောင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် တစ်နေ့လျှင် တန်(၂၀) ထုတ်လုပ် နိုင်သည့် ထုပ်ပိုးစက္ကူများ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ တစ်နေ့လျှင် တန် (၈၀) ထုပ်ပိုး စက္ကူများ ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှု၊ တစ်နေ့လျှင် တန် (၂၄၀၀) ပျော့ဖတ်များ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက် နေသည့် အခြေအနေ၊ ကုန်ကြမ်းနှင့် ကုန်ချောများအား သယ်ယူပို့ဆောင်နိုင်ရေးအတွက် မီးရထားလမ်းဖောက်လုပ်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments