ဒေးဒရဲမြို့နယ် ဆားကျင်းကျေးရွာတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် ဒီရေမြင့်တက်မှုကြောင့် နေအိမ်အချို့ ပြိုလဲပျက်စီး

 



ဒေးဒရဲ အောက်တိုဘာ ၂၁


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာအုပ်စုရှိ၊ ဆားကျင်းကျေးရွာတွင် ယနေ့နံနက် ၇ နာရီကျော်ခန့်က လေပြင်းတိုက်ခတ်ခြင်းနှင့် ဒီရေမြင့်တက်မှုကြောင့် နေအိမ် (၃)လုံး ရေစီးဖြင့် မျောပါပျက်စီးပြီး နေအိမ်တစ်လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း သိရသည်။


အဆိုပါ လေပြင်းတိုက်ခတ်ခြင်းနှင့် ဒီရေမြင့်တက်မှုကြောင့် တိုးကျေးရွာအုပ်စု၊ ဆားကျင်းကျေးရွာရှိ ဦးမြင့်သန်းပိုင်ဆိုင်သည့် အလျား(၂၀)ပေ၊ အနံ(၁၂)ပေရှိ သွပ်မိုး၊ အုတ်ကာနေအိမ် တစ်စိတ်တစ်ပိုင်း ပျက်စီး၊ ဦးသောင်းထွန်းပိုင်ဆိုင်သည့် အလျား(၁၀)ပေ၊ အနံ(၁၅)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း ပြိုကျပျက်စီးခြင်း၊ ဦးလပြည့်ပိုင်ဆိုင်သည့် အလျား(၁၀)ပေ၊ အနံ(၁၅)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း ပြိုကျပျက်စီးခြင်းနှင့် ဒေါ်ဝေဝေခိုင်ပိုင်ဆိုင်သည့် အလျား(၁၀)ပေ၊ အနံ(၁၅)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်များကြောင့် လူနှင့် တိရစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်းနှင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုဝင်များအား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက နီးစပ်ရာဆွေမျိုးများထံသို့ ခေတ္တပို့ဆောင်ထားကြောင်းနှင့် ပျက်စီးသွားသော အိမ်ထောင်စုများအား ကူညီထောက်ပံ့နိုင်ရေး ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အေဇာလင်း

No comments

Powered by Blogger.