နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဗုဒ္ဓဘာသာ ကိုယ်စားလှယ်အဖွဲ့ဆဋ္ဌမအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်သို့ တက်ရောက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ



ရန်ကုန် အောက်တိုဘာ ၁၉

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးကိုးပါး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဗုဒ္ဓဘာသာ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နင်းဘိုမြို့၌ ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် ဆဋ္ဌမအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဗုဒ္ဓဘာသာ ကိုယ်စားလှယ်အဖွဲ့နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းတို့သည် အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျဲ့ကျန်းပြည်နယ်၊ နင်းဘိုမြို့၊ ရွှယ်တုံးတောင်၌ ကျင်းပြုလုပ်သည့် ဆဋ္ဌမအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်သို့ တက်ရောက်ပြီး ခရီးစဉ်အတွင်း Howard Johnson ဟိုတယ် ဧည့်ခန်းမ၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အမှူးပြုသော ဆရာတော် ကြီးများသည် The Buddhist Association of China ၏ ဥက္ကဋ္ဌဆရာတော် Yan Jue အမှူးပြုသော ဆရာတော်ကြီးများနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် The Buddhist Association of China ဥက္ကဋ္ဌဆရာတော် Yan Jue က နောင်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဗုဒ္ဓဘာသာဆိုင်ရာဆွေးနွေးပွဲများ ကောင်းမွန်စွာ ကျင်းပနိုင်ရေး စီစဉ်သွားမည်ဖြစ်ကြောင်း၊ ယခု ဗုဒ္ဓဘာသာဖိုရမ်သို့ ကြွရောက် လာသော ဥက္ကဋ္ဌဆရာတော်ကြီးနှင့် အဖွဲ့ဝင်ဆရာတော်များအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး အတွေ့အကြုံကောင်းများ ပြည့်ပြည့်ဝဝ ရယူနိုင်ကြပါစေကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသက တရုတ်နိုင်ငံတွင် ယခုလို ဗုဒ္ဓဘာသာနှင့်ပတ်သက်သော အစည်းအဝေးကြီးအား ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်များစုပေါင်းပြီး ညီညီညွတ်ညွတ် ပြုလုပ်ခြင်းသည် မိမိတို့ ဗုဒ္ဓဘာသာအတွက် တိုးတက်ကြီးပွားကြောင်းဖြစ်သည့် အကြောင်းတရား တစ်ခုဖြစ်ကြောင်း၊ အခါအခွင့်သင့်ပါက တရုတ်နိုင်ငံမှ စွယ်တော်မြတ်အား မြန်မာနိုင်ငံသို့ ပင့်ဆောင်လိုပါကြောင်း ဆွေးနွေး လျှောက်ထားသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယဝန်ကြီးသည် The Buddhist Association of China ၏ ဥက္ကဋ္ဌဆရာတော် Yan Jue အမှူးပြုသော ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အောက်တိုဘာ ၈ ရက်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် China Association for International Friendly Contact ဒုတိယဥက္ကဋ္ဌ Mr. Luo Yu Hai ၊ Southern China Association for International Friendly Contact ဒုတိယဥက္ကဋ္ဌ Mr. Liu Xiao Ming ၊ Yunnan Association for International Friendly Contact ဥက္ကဋ္ဌ Mr. Chen Taoနှင့် တွေ့ဆုံ၍ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်အောင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။

သတင်းစဉ်

No comments

Powered by Blogger.