ဇမ်ဘီယာနိုင်ငံ၌ ပထမဆုံးသော မျောက်ကျောက်ရောဂါကူးစက်ခံရသူတစ်ဦး စစ်ဆေးတွေ့ရှိ


လုဆာကာ အောက်တိုဘာ ၁၂

 

ဇမ်ဘီယာနိုင်ငံ၌ မျောက်ကျောက် ရောဂါကူးစက်ခံရသူ တစ်ဦးကို အောက်တိုဘာ ၁၀ ရက်တွင် စစ်ဆေး တွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါတွေ့ရှိမှုသည် နိုင်ငံအတွင်း၌ ပထမဆုံးသော မျောက်ကျောက်ရောဂါ ကူးစက်ခံရမှု ဖြစ်ကြောင်း ဇမ်ဘီယာကျန်းမာရေး အာဏာပိုင်များက ပြောကြားသည်။

 

မျောက်ကျောက်ရောဂါ ကူးစက်ခံရသူသည် တန်ဇန်းနီးယားနိုင်ငံသားဖြစ်ပြီး မြောက်ပိုင်းနယ်စပ်မြို့ နာကွန်ဒီမှတစ်ဆင့် နိုင်ငံအတွင်းသို့ ဝင်ရောက်ကာ အလယ်ပိုင်းပြည်နယ်ရှိ ချစ်တမ်ဘိုမြို့သို့ သွားရောက်လည်ပတ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး အီလီဂျက် မူချီမာက ပြောကြားသည်။

 

အဆိုပါလူနာသည် ကြွက်သားကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် လည်ချောင်းနာခြင်းစသော လက္ခဏာများကို ခံစားနေရပြီး ၎င်း၏သွေးနမူနာများကို စစ်ဆေးကြည့်ရာ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရကြောင်း ကျန်းမာရေးဝန်ကြီး မူချီမာက ဆက်လက်ပြောသည်။

 

လက်ရှိတွင် ၎င်းအား ဒေသန္တရဆေးရုံ တွင် ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရောဂါကူးစက်ခံရသူနှင့် ထိတွေ့ဆက်ဆံသူများကိုလည်း ရောဂါကူးစက်ခံရမှုရှိ၊ မရှိ စောင့်ကြည့်လျက် ရှိကြောင်းနှင့် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရန် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေး ဌာနအားလုံးကို လိုအပ်သည့်အစီအမံများ ညွှန်ကြားထားပြီးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး မူချီမာက ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်


No comments

Powered by Blogger.