ယခုနှစ် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု ပရိုတိန်းဖွဲ့စည်းပုံများနှင့် ပရိုတိန်းဒီဇိုင်းဖန်တီးခဲ့သည့် ဓာတုဗေဒပညာရှင်သုံးဦး ရရှိ


 

စတော့ဟုမ်း အောက်တိုဘာ ၁၂

 

ယခုနှစ် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကို  ဓာတုဗေဒပညာရှင်သုံးဦးအား ချီးမြှင့်ခဲ့ကြောင်း သိရသည်။  ပရိုတိန်းဖွဲ့စည်းပုံများတွေ့ရှိမှုနှင့် ပရိုတိန်းဒီဇိုင်းဖန်တီးမှုတို့ကြောင့် ၎င်းတို့အား ယခုနှစ်အတွက် ဓာတုဗေဒ နိုဘယ်ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း နိုဘယ်ဆုချီးမြှင့်ရေး ကော်မတီကဆိုသည်။

 

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဒေးဗစ်ဘေကာသည် ပရိုတိန်းဒီဇိုင်းများ ဖန်တီးခြင်းအတွက် ဆုရရှိခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံ Google DeepMind ဓာတ်ခွဲခန်းမှ ဒီမစ်ဟာဆာဘီနှင့် ဂျွန်ဂျမ်ပါတို့သည် ပရိုတိန်းဖွဲ့စည်းပုံများကို တွေ့ရှိမှုအတွက် ဆုချီးမြှင့်ခံရခြင်းဖြစ်သည်။

 

၎င်းတို့၏ တွေ့ရှိမှုများသည် အနာဂတ်အတွက် ကြီးမားသောအလားအလာများရှိကြောင်း တော်ဝင်ဆွီဒင်သိပ္ပံ အကယ်ဒမီက ပြောကြားသည်။ ၂၀၀၃ ခုနှစ်တွင် ပရော်ဖက်ဆာ ဒေးဗစ်ဘေကာသည် ပရိုတိန်း အမျိုးအစားသစ်များကို ဖန်တီးတည်ဆောက်နိုင်ခဲ့သည်။  သူနှင့် သုတေသနအဖွဲ့၏ ဖန်တီးမှုများသည် ဆေးဝါးများ၊ ကာကွယ်ဆေးများ၊ ဓာတုဗေဒဆိုင်ရာ နာနိုအသေးငယ်ဆုံးသောပစ္စည်းများနှင့် အခြားသော အရာများ ဖန်တီးထုတ်လုပ်ရာတွင် အသုံးပြုနိုင်ကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ်တွင် ဒီမစ်ဟာဆာဘီနှင့် ဂျွန်ဂျမ်ပါတို့သည် AlphaFold ဉာဏ်ရည်တုစနစ်ကို တီထွင်ခဲ့သည်။ ၎င်းသည် ပရိုတိန်းများ၏ ရှုထောင့်သုံးမျိုးပါဝင်သည့် ဖွဲ့စည်းပုံကို ဖန်တီးပေးကြောင်း သိရသည်။ နိုင်ငံပေါင်း ၁၉၀ ကျော်မှ ပြည်သူနှစ်သန်းကျော်သည် ပဋိဇီဝဆေးယဉ်ပါးမှုကို လေ့လာခြင်းနှင့် ပလတ်စတစ်ကို ပြိုကွဲစေသည့်နည်းလမ်းများ ရှာဖွေခြင်းကဲ့သို့သော အသုံးချပရိုဂရမ်များအတွက်အဆိုပါ AlphaFold ဉာဏ်ရည်တုစနစ်ကို အသုံးပြု လျက်ရှိသည်။

 

ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုချီးမြှင့်ရေးကော်မတီက ၎င်းတို့သုံးဦးသည် ဇီဝဓာတုနှင့် ဇီဝဗေဒဆိုင်ရာ သုတေသနခေတ်သစ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်


No comments

Powered by Blogger.