တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများ



တွေ့ဆုံမေးမြန်း-နန္ဒကျော်စွာ

ဓာတ်ပုံ-ကိုထိန်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်-


 

ဗိုလ်မှူးကြီးဝဏ္ဏအောင်

အဖွဲ့ဝင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ

NCA စာချုပ်ဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးဆွဲထားတာမဟုတ်ဘဲ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ဆွေးနွေးညှိနှိုင်းပြီး သဘောတူ ရေးဆွဲထားတာဖြစ်ပါတယ်။  ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားပြီး နိုင်ငံတကာနဲ့ ပြည်တွင်း အသိသက်သေတွေ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိဘဲ တည်ရှိနေမယ့် သမိုင်းဝင်စာချုပ်ပဲဖြစ်ပါတယ်။

 

NCA ရဲ့ အနှစ်သာရက ဒို့တာဝန်အရေး (၃) ပါးကို ရှေးရှုပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ကို အခြေခံတဲ့ပင်လုံစိတ်ဓာတ်နဲ့အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနဲ့အညီ တည်ဆောက်သွားဖို့ပဲဖြစ်ပါတယ်။ NCA မှာပါရှိတဲ့ အနှစ်သာရတွေနဲ့ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်သွားနိုင်ဖို့အတွက် NCA နှစ်ပတ်လည်နေ့ အခမ်းအနားတွေကို နှစ်စဉ်ကျင်းပရခြင်းဖြစ်ပါတယ်။

 

နိုင်ငံတော်အစိုးရအနေနဲ့ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ စိတ်ဆန္ဒရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစဉ်အမြဲ ဖိတ်ခေါ်လျက်ရှိပြီး တွေ့ဆုံဆွေးနွေးမှုတွေကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၊ NCA လက်မှတ် မရေးထိုးထားသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့၊ နိုင်ငံရေးပါတီတွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်တွေနဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အခုအချိန်ထိ တွေ့ဆုံဆွေးနွေးမှု (၁၄၂) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါ တယ်။

 

ဆွေးနွေးတဲ့ အကြောင်းအရာတွေက ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်မြေဒေသရှိပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်လုပ်ရပ်များအား အားပေးကူညီမှုမပြုရေး၊ မူးယစ် ဆေးဝါး၊ လက်နက်/ ခဲယမ်းနဲ့ တရားမဝင်လုပ်ငန်းများအား ရောင်းဝယ်ခြင်း၊ ပါဝင် ပတ်သက်ခြင်း မပြုလုပ်ရေး၊ အမှန်တကယ်လိုအပ်နေသော နေရာဒေသများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) မှာ ပြင်ဆင်၊ ဖြည့်စွက်ဖို့ လိုအပ်မယ့်ကိစ္စရပ်တွေကို လွှတ်တော်နဲ့ NCA လမ်းကြောင်းတွေက ပြဋ္ဌာန်းချက်စည်းကမ်းနဲ့အညီ ဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ ကြပါတယ်။

 

ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရတစ်ရပ် ပေါ်ထွန်းလာဖို့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အဓိကဖြစ်ပါတယ်။ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်ပြည်သူတွေကလည်း ဆန္ဒမဲပေးရာမှာ ခြိမ်းခြောက်ခံရမှု၊ စိုးရိမ်မှု၊ အနှောင်အဖွဲ့ရှိမှုများ မရှိဘဲ လွတ်လပ်ခြင်း၊ တရားမျှတခြင်းတို့နဲ့ မဲပေးနိုင်ခွင့်ရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် NCA လက်မှတ်ရေးထိုးထားတဲ့ EAO တွေ၊ NCA လက်မှတ်မရေးထိုးထားသေးတဲ့ EAO တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးခဲ့ကြပြီး ဘုံသဘောတူညီချက် လေးချက်ညှိနှိုင်းရရှိခဲ့ပါတယ်။ ဒီအချက်တွေထဲက ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အချက်အနေနဲ့ တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးနဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ အချက်ပါရှိပါတယ်။

 

လက်ရှိအချိန်မှာ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက် ငြိမ်းချမ်းရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပြည်တွင်းအရေးသာဖြစ်လို့ ပြည်တွင်းရှိ အဓိကသက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းသွားမှာပဲဖြစ်ပါတယ်။ နိုင်ငံရေး နည်းလမ်းအရ ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ရေး NCA ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ NCA လက်မှတ် မရေးထိုးသေးတဲ့ EAO တွေကိုလည်း Bilateral တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက်များရရှိအောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ NCA လက်မှတ်ရေး ထိုးထားသော EAO များ၊ NCA လက်မှတ် မရေးထိုးထားသေးသော EAO များ အားလုံးကို တရားဝင်နိုင်ငံရေးဆွေးနွေးပွဲ တွေမှာ ပါဝင်လာစေရေး စိတ်ရှည်စွာနဲ့ အစဉ်အမြဲဖိတ်ခေါ် တွေ့ဆုံဆွေးနွေး သွားမှာဖြစ်ပါတယ်။


 

ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း)

အဖွဲ့ဝင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ

ကျွန်တော်တို့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိဖို့အတွက် လက်မှတ်ထိုးခဲ့တာ ဒီနေ့ဆို (၉) နှစ် ပြည့်မြောက်ပါပြီ။ ငြိမ်းချမ်းရေးက နိုင်ငံတော်အစိုးရ အဆက်ဆက် ကြိုးပမ်းခဲ့ကြတယ်။ NCA ပေါ်ပေါက်လာတာက သမ္မတကြီးဦးသိန်းစိန် လက်ထက်မှာဖြစ်ပါတယ်။ NCA လက်မှတ် ရေးထိုးပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးရဲ့ အရသာကို အတော်ခံစားခဲ့ရပါတယ်။ တစ်တိုင်းပြည်လုံး လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့အခြေအနေ၊ တစ်နိုင်ငံလုံး လွတ်လွတ် လပ်လပ် ကူးသန်းရောင်းဝယ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ကာလ ကြုံတွေ့ရပါတယ်။ ဒါကိုတည်မြဲအောင် ဆက်လက်ကြိုးပမ်းရင်း မမျှော်လင့်တဲ့ကိစ္စတွေ ပေါ်ပေါက်လာခဲ့တယ်။ သို့သော် ကျွန်တော်တို့ အနေနဲ့ NCA လမ်းကြောင်းပေါ်မှာ ကျန်တဲ့ အဖွဲ့တွေပါဝင်လာအောင်၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းအောင်၊ ပြည်သူတွေအားလုံး လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်လုပ်ကိုင် စားသောက်နိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီနေ့လို အခမ်းအနားကျင်းပ နိုင်အောင် ကြိုးပမ်းကြတဲ့ NCA လက်မှတ် ရေးထိုးတဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ ခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုဌာနက တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ပြည်သူတွေ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေးရအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။

 

ဦးလှမောင်ရွှေ

ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအဖွဲ့ (CPR)

NCA (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကနေ ပြည်သူတွေကို တင်ပြလိုတာက ကျွန်တော်တို့အားလုံးမှာ အခက်အခဲတွေရှိနိုင်တယ်။ အမြင်မတူမှုတွေ ရှိနိုင်တယ်။ ဒီလိုအမြင်မတူမှုတွေကို လက်နက်ကိုင်တဲ့နည်းနဲ့ ဖြေရှင်းတာက နှစ်ပေါင်းများစွာကြာပြီ မအောင်မြင်ခဲ့ဘူး။ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေ နောက်ကျမယ်။ ငွေကြေးအရင်းအနှီးတွေ ဆုံးရှုံးတဲ့ အပြင် လူသားအရင်းအမြစ်တွေလည်း ဆုံးရှုံးခဲ့ကြရတယ်။ အခုအနေအထားမှာ လက်နက်စွဲကိုင်ပြီး ဖြေရှင်းတာက ရလဒ်ရမယ်လို့ ယုံကြည်သူ ရှိကောင်းရှိမယ်။ ကျွန်တော်တော့ မယုံကြည်ဘူး။ ဒါကြောင့် အခုလိုဆွေးနွေးတဲ့နည်းနဲ့ ညှိနှိုင်းဆွေးနွေး ကြမယ်ဆိုရင် ကျွန်တော်တို့ အရင်းအမြစ် ပြုန်းတီးမှုတွေ သက်သာမယ်။ ဖွံ့ဖြိုး တိုးတက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

 

ဒေါက်တာအေးမောင်

ဥက္ကဋ္ဌရခိုင့်ဦးဆောင်ပါတီ (နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်)

NCA စာချုပ်ဖြစ်တည်လာတာ (၉)နှစ် ပြည့်ပြီ။ ကျွန်တော်တို့အမြင်က မြန်မာနိုင်ငံ၊ မြန်မာ့သမိုင်းမှာ ဒုတိယအရေးအကြီးဆုံး စာချုပ်ဖြစ်ပါတယ်။ နိုင်ငံရေးအနှစ်သာရရှိရှိနဲ့ NCA စာချုပ်ကို အသုံးပြုစေချင်တယ်။ ချဉ်းကပ်ပုံ တူချင်မှတူမယ်။ အခြေခံအားဖြင့် NCA သည် ပြည်တွင်းစစ်ကို ရပ်ဖို့ ကနဦးခြေလှမ်းဖြစ်တယ်။ ဘာကြောင့် ပြည်တွင်းစစ် ဖြစ်သလဲဆိုတဲ့ နိုင်ငံရေးဇာစ်မြစ်ကို မရှာဖွေ မဖြေရှင်းနိုင်သမျှ ပစ်ခတ်မှုတွေက ဖြစ်နေဦးမှာပဲ။ ဖြစ်တာကိုရပ်ဖို့ ကြိုးစားနေရဦးမှာပဲ။ ဒီတော့ NCA ကို အနှစ်သာရရှိရှိ ပထမခြေလှမ်းအဖြစ် ချဉ်းကပ်တာဟာ မှန်တယ်။ တကယ်လို့ NCA မှာ အားလုံးပါဝင်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတဲ့ ရည်မှန်းချက် မပြည့်စုံသေးဘူးဆိုရင် အားလုံးပါဝင်နိုင်အောင် ကျွန်တော်တို့ ဘယ်လိုဆွဲဆောင်စည်းရုံးကြမှာလဲ။ လက်နက်ကိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုက  နိုင်ငံရေးအနှစ်သာရမရလို့ လက်နက်ကိုင်တာ။ နောက်ကြောင်းပြန်လိုက်ရင် တန်းတူရေး၊ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ် ကိုယ်ပိုင် ပြဋ္ဌာန်းပိုင်ခွင့်ဆိုတာကို သွားတယ်။ နောက်ပြန်ဆုတ်ရင် အခြေခံဥပဒေမူနဲ့ ဆိုင်တယ်။ အခြေခံမူဆိုင်ရာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှု၊ ကိုယ်ပိုင်အုပ်ချုပ် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် ပြည့်ပြည့်ဝဝပါတဲ့ အခြေခံဥပဒေတစ်ရပ် မပေါ်ပေါက်သေးသမျှကာလပတ်လုံး လက်နက်ကိုင်နေကြ မှာပဲ။ ဒါကို နိုင်ငံရေးအနှစ်သာရရှိရှိ တစ်ဆင့်ချင်း ချဉ်းကပ်မယ်ဆိုရင် အခု (၉) ကြိမ်မြောက် NCA နှစ်ပတ်လည်နေ့က ရှေ့သွားမယ့် လမ်းကြောင်းတွေကို မြင်လာမယ်။ ဘယ်လိုချဉ်းကပ်မှာလဲ၊ ချဉ်းကပ်တဲ့အခါမှာ တစ်ဆင့်ချင်းသွားဖို့ လိုတယ်။ ဘာဖြစ်နေသလဲ။ Current Situation ကဘာလဲ။ အခုပေးထားချက်ကဘာလဲ။ NCA စာချုပ်ပေးထားချက်ရှိနေပြီ။ ဒုတိယတစ်ချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေးထားချက်ရှိနေပြီ။ ဒီပေးထားချက်တွေကို အခြေပြုပြီး ဘယ်လို လှမ်းမှာလဲ။ ဒီလိုလှမ်းမှပဲ တစ်ဆင့်ချင်း ဖြေရှင်းနိုင်မယ်။ ဒါကတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဘက်က အလွန်တရာစဉ်းစားသင့်တဲ့ အချက်ဖြစ်သင့်တယ်။ ဒီလို (၉)နှစ်မြောက် NCA နှစ်ပတ်လည်နေ့မှာ လာရောက်ပြီး ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတာတွေ၊ မျှော်မှန်းချက်တွေကို တင်ပြခွင့်ရတာ ဝမ်းသာပါတယ်။ NCA စာချုပ်မှသည် ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုမြန်မာ နိုင်ငံတော် အသိုက်အဝန်းကြီး ခိုင်ခိုင်မာမာ ပေါ်ပေါက်စေချင်တဲ့ဆန္ဒရှိပါတယ်။ အောင်မြင်ပါစေ၊ ငြိမ်းချမ်းပါစေလို့ ဆုတောင်းပါတယ်။

 

စောမြရာဇာလင်း

ဥက္ကဋ္ဌ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)

ရခိုင်ပြည် လွတ်မြောက်ရေးပါတီက လက်မှတ်ထိုးခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ရော ပါတီဥက္ကဋ္ဌအနေနဲ့ပါ တက်ရောက်လာတာဖြစ်ပါတယ်။ NCA နဲ့ပတ်သက်ပြီး အမှတ်တရတွေအများ ကြီးရှိပါတယ်။ NCA ကို ကျွန်မတို့ လွယ်လွယ်ကူကူနဲ့ ရခဲ့တာမဟုတ်ပါဘူး။ အတိုက်အခံတွေ၊ စိတ်မောကိုယ်မော ဖြစ်ခဲ့ရတဲ့အချိန်တွေ အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ NCA ကို ရအောင်ကြိုးပမ်းခဲ့ခြင်းဟာ မြန်မာ့သမိုင်းမှာ အင်မတန်ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ဒီထူးခြားတဲ့ ဖြစ်ရပ်ကို တချို့ပုဂ္ဂိုလ်တွေက NCA ပျက်စီးသွားပြီ စသဖြင့် ပြောဆိုကြတာရှိပါတယ်။ NCA လက်မှတ်ထိုးထားကြတဲ့ ပုဂ္ဂိုလ်တွေက ပျက်စီးသွားပါပြီ၊ မသုံးတော့ဘူးလို့ မပြောသမျှ NCA က ရှိနေဦးမှာဖြစ်ပါတယ်။ စစ်ကို စစ်နဲ့မဖြေရှင်းဘဲ စားပွဲဝိုင်းနဲ့ဖြေရှင်းဖို့ စဉ်းစားတာက ဒီစာချုပ်ကြီး ဖြစ်ပေါ်လာဖို့ အဓိကအကြောင်းရင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့က NCA ကို တန်ဖိုးထားတယ်။ NCA မှာ အားလုံး ပြည့်စုံသလားလို့မေးရင် မပြည့်စုံတာတွေရှိမှာပါ။ ပြည့်စုံမှုရှိအောင် ပြန်လုပ်လိုတဲ့ ဆန္ဒနဲ့ သတ္တိရှိဖို့ အရေးကြီးတယ်။ ဒါကြောင့်  NCA နှစ်ပတ်လည်နေ့ကို ကျင်းပခြင်းသည် မင်္ဂလာရှိတဲ့နေ့ထူးနေ့မြတ်အဖြစ် ကျွန်မတို့ သတ်မှတ်ပါတယ်။

 

ဦးကိုကိုကြီး

ဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်

နိုင်ငံတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးက မရှိမဖြစ်လိုအပ်ပါတယ်။ ကျွန်တော်တို့ မျိုးဆက်သာမက နောင်မျိုးဆက်တွေအတွက်ပါ အခြေခံကောင်းတွေ တည်ဆောက်ပေးခဲ့ဖို့ လိုတယ်။ ဒီနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေကနေ အမြန်ဆုံးရုန်းထွက်ပြီး လှပတဲ့ အနာဂတ်ကိုတည်ဆောက်ဖို့ ကျွန်တော်တို့အတတ်နိုင်ဆုံး ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီမိုကရေစီကို လိုလားတောင့်တတဲ့ နိုင်ငံရေးသမားတွေ အားလုံးရဲ့အသက်က ပြည်သူပါ။ ပြည်သူတွေကိုယ်တိုင်က နိုင်ငံရေးနည်းလမ်း၊ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ပြဿနာတွေ ဖြေရှင်းနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်အားကောင်းလာအောင်၊ ပြည်သူတွေကြားထဲမှာ ပျံ့နှံ့လာအောင် ဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီလို နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ၊ ရလဒ်ကောင်းတွေထွက်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်။ အမြင်မတူသေးတဲ့သူတွေ အချင်းချင်းလည်း ငါနဲ့မတူ ငါ့ရန်သူဆိုတာမျိုး မသတ်မှတ်ဘဲ သဘောထားကြီးကြီးနဲ့ ဆောင်ရွက်ကြရင်လှပတဲ့ အနာဂတ်ကို ကျွန်တော်တို့ ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

 

 

No comments

Powered by Blogger.