ပိုမိုကောင်းမွန်သည့်ဘဝနှင့် အနာဂတ်ရရှိရေး လူသားတိုင်းစားရေရိက္ခာ ပြည့်မီအောင် ဖြည့်ဆည်းပေး



 

နှစ်စဉ် အောက်တိုဘာလ ၁၆ ရက်နေ့သည်  ‘ကမ္ဘာ့စားနပ်ရိက္ခာနေ့’ ဖြစ်ပြီး  ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုတို့  တိုက်ဖျက်ရေးတွင်   ကမ္ဘာ့နိုင်ငံအသီးသီးတို့က  အလေးထား ဆောင်ရွက်ကြရန်အတွက်  တိုက်တွန်းနှိုးဆော်သောနေ့လည်းဖြစ်သည်။    ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့၏ ဆောင်ပုဒ်မှာ “ ပိုမိုကောင်းမွန်သည့်ဘဝနှင့် အနာဂတ်ရရှိရေး လူသားတိုင်း စားရေရိက္ခာပြည့်မီအောင် ဖြည့်ဆည်းပေး- Right to Foods for a Better Life and a Better Future” ဟူ၍ ဖြစ်သည်။ ဤဆောင်ပုဒ်က လက်ရှိကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုနှင့် စိန်ခေါ်မှုများကို ထင်ဟပ်နေပြီး အခြေခံလူ့အခွင့်အရေးအရ လူတိုင်းလုံလောက်သော အာဟာရကို စားသုံးရရှိရန်နှင့်  လူသားတို့၏ ပစ္စုပ္ပန်နှင့် အနာဂတ်တို့တွင် စားရေရိက္ခာ၏ အရေးပါသည့်အခန်းကဏ္ဍတို့ကို အလေးဂရုပြုနိုင်ရန် တိုက်တွန်းနှိုးဆော်ထားခြင်းလည်းဖြစ်သည်။

 

ကမ္ဘာတစ်ဝန်းတွင် စားနပ်ရိက္ခာထုတ်လုပ်နေကြသည့် တောင်သူလယ်သမားများသည် ကမ္ဘာ့ လူဦးရေ စားသုံးမှုထက်ပိုမိုသော အစားအစာများကို ဖူလုံပိုလျှံအောင် ထုတ်လုပ်နေကြသော်လည်း ငတ်မွတ်ခေါင်းပါးမှုက ကမ္ဘာလုံးဆိုင်ရာ အရေးပါသည့် ပြဿနာတစ်ခုအဖြစ် ဆက်လက် တည်ရှိနေသည်။ ကမ္ဘာတစ်ခွင် ခန့်မှန်းခြေအားဖြင့် လူပေါင်း ၇၃၃ သန်း ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေကြရပြီး လူသန်းပေါင်း ၂၈၀၀ ကျော်တို့မှာ ကျန်းမာရေးနှင့် ညီညွတ်သည့် အစား အစာများကို မစားနိုင်ကြကြောင်း စာရင်းဇယားများကပြဆိုသည်။ အဆိုပါ ကိန်းဂဏန်းများက ရာသီဥတုဖောက်ပြန်မှုများ အကြိမ်ကြိမ်ဖြစ်ပေါ်ခြင်း၊ စစ်ပွဲများ၊ ပဋိပက္ခများဖြစ်ပေါ်ခြင်း၊ စီးပွားရေး ကျဆင်းခြင်း၊ သာတူညီမျှ မှုမရှိခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုများ ဆက်လက် ဖြစ်ပေါ်နေခြင်းတို့အပါအဝင် ပိုးမျှင်ချည်ခင်များနှယ် ရှုပ်ထွေးနေသည့် စိန်ခေါ်မှုများကို ထင်ဟပ် နေသည်။ စင်စစ် လူတိုင်းအစားအစာရရှိရေးသည် အသစ်အဆန်းအရေးကိစ္စမဟုတ်ဘဲ ကမ္ဘာ့လူ့ အခွင့်အရေးကြေညာစာတမ်းတွင်ပါရှိပြီးသော အခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။ ငတ်မွတ် ခေါင်းပါးခြင်းသည် ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲနွမ်းပါးပြီး ထိခိုက်လွယ်သူများ အထူးသဖြင့် စိုက်ပျိုးရေး အပေါ် မှီခိုနေရသူများအပေါ် ခြိမ်းခြောက် နေသည့်စိန်ခေါ်မှုတစ်ရပ်အဖြစ် တည်ရှိနေသည်။

 

ကမ္ဘာတစ်ခွင် အာဟာရချို့တဲ့မှုပုံစံအားလုံး၏ အဓိကအကြောင်းအရင်းသည် ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များကြောင့်ပင်ဖြစ်သည်။ ကယ်လိုရီနှင့် အာဟာရဓာတ်များ မလုံလောက်ခြင်း၊ မရှိမဖြစ်လိုအပ်သည့် ဗီတာမင်နှင့် သတ္တုဓာတ်များနည်းပါးခြင်း တို့ကြောင့် အာဟာရချို့တဲ့ခြင်းကိုဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်အတွင်းအဆီများ အလွန်အကျွံ စုဆောင်းမိခြင်းကြောင့် အဝလွန်ခြင်းစသော ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ ထိခိုက်လွယ်သူ လူ အုပ်စုများမှာ ကျန်းမာရေးနှင့် မညီညွတ်သော ဈေးနည်းသည့် အစားအစာများကို ရွေးချယ်၍ မှီခို စားသုံးနေကြရသည်။ အာဟာရဓာတ်ပြည့်စုံကျန်းမာရေးထက် အဆင်ပြေသလို စားသောက် ကြရခြင်းပင်ဖြစ်သည်။ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအခြေအနေကို ကာလကြာရှည်စွာ ဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ၊ စီးပွားရေးကျဆင်းမှုများက ပိုမိုရှုပ်ထွေးစေသည်။

 

လက်ရှိကမ္ဘာ့စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်မှုစနစ်သည် သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခ အကျပ်အတည်းများ၊ ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကြောင့် ထိခိုက်စေနိုင်သလို အပြန်အလှန်အားဖြင့်လည်း ဤစိုက်ပျိုးထုတ်လုပ်မှုစနစ်ကြောင့် မြေဆီလွှာ၊ ရေထုနှင့် လေထုတို့ ညစ်ညမ်းစေခြင်း၊ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများ ဖြစ်ပေါ်စေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်စေသည့်အတွက် အနာဂတ်တွင် ယင်းစနစ်ကို ပြောင်းလဲသွားနိုင်ရန် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းပါဝင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ လူတစ်ဦးချင်း အနေဖြင့်လည်း ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို ရွေးချယ် စားသုံးရန် လိုအပ်သလို အစားအစာများ အလဟဿဖြစ်စေမှု၊ စွန့်ပစ်မှုတို့ လျှော့ချသွားကြရမည်ဖြစ်သည်။

 

အစိုးရ၊ လုပ်ငန်းများနှင့်အဖွဲ့အစည်းများအနေဖြင့်မူ အသိပညာနှင့် ကျွမ်းကျင်မှုများကိုမျှဝေရန်၊ ရေရှည် ခံနိုင်ရည်ရှိသော အစားအစာစနစ်များကို ထောက်ပံ့ကူညီပေးရန်၊ စိုက်ပျိုးရေးကဏ္ဍ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ပိုမိုရင်းနှီးမြှုပ်နှံရန် ကြိုးပမ်း ဆောင်ရွက်ကြခြင်းအားဖြင့် ပိုမိုကောင်းမွန်သည့် ဘဝနှင့် အနာဂတ်ရရှိရေး လူသားတိုင်း စားရေရိက္ခာ ပြည့်မီအောင် ဖြည့်ဆည်းပေးကြရပါမည့်အကြောင်း ။

 

မြန်မာ့အလင်း

 

No comments

Powered by Blogger.