ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၉)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့် မိန့်ခွန်း


  

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများခင်ဗျား-

ဒီနေ့ကတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့အစည်းများကြား သဘောတူညီမှုရရှိခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement–NCA) ကို ချုပ်ဆိုနိုင်ခဲ့တဲ့ (၉) နှစ် ပြည့်မြောက်တဲ့ နေ့ပဲဖြစ်ပါတယ်။ ဒီနေ့အခါသမယမှာ သဘောတူစာချုပ် စတင်လက်မှတ် ရေးထိုးခဲ့ချိန်မှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအသီးသီးမှ တိုင်းရင်းသား ခေါင်းဆောင်များ၊ ပြည်တွင်း ပြည်ပမှ အသိသက်သေများ၊ ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ဖြင့် ကောင်းကျိုးလိုရာများ ပြည့်ဝနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ။

 

NCA စတင်ချုပ်ဆိုချိန်ကတည်းက “ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ ဤသဘောတူစာချုပ်ပါ အချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အပြန်အလှန်သန္နိဋ္ဌာန်ပြုကြသည်” ဆိုတဲ့အချက်ကို စာချုပ်မှာပါဝင် လက်မှတ်ရေးထိုးခဲ့ကြသူများက အလေးထားမှတ်မိနေကြဦးမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်မိပါတယ်။

 

တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ လျှောက်လှမ်း ကြမယ်ဆိုတဲ့ ရည်မှန်းချက်များနဲ့ ဖြစ်ပေါ်ခဲ့ရတဲ့အနှောင့်အယှက်တွေကြားမှာ NCA ကို ကျွန်တော်တို့ ဘယ်လောက်အတိုင်းအတာအထိ အကောင်အထည်ဖော်နိုင်ခဲ့ကြလဲ၊ NCA လမ်းကြောင်း ဘယ်လောက် ခိုင်မာမှုရှိခဲ့ပြီလဲဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

 

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဟာ သက်ဆိုင်ရာ အဖွဲ့အသီးသီးမှ တာဝန်ရှိသူများရဲ့ တွေ့ဆုံမှုပေါင်းများစွာ၊ ညှိနှိုင်းဆွေးနွေးမှုများစွာကနေ အခြေတည်ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်စာချုပ်သစ်တစ်ခုပဲ ဖြစ်ပါတယ်။ နှစ်ဖက် သဘောတူညီမှု ရရှိတဲ့အထိ အကျေအလည်ဆွေးနွေးခဲ့ရပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် နားလည်မှုအပြည့်နဲ့ လိုက်လျောမှုတွေ လုပ်ခဲ့ကြရပါတယ်။ ကျွန်တော့်အနေနဲ့ ဒီသဘောတူစာချုပ် ရေးထိုးပြီးချိန်ကတည်းက စာချုပ်ပါကတိကဝတ်တွေကိုလေးစားပြီး တိုင်းပြည်နဲ့လူမျိုးအကျိုး အတွက် ရပ်တည်ခဲ့ကြတဲ့ EAO များကို တွေ့ရှိခဲ့ရသလို အခွင့်အခါကိုစောင့်ပြီး အခြေအနေ ပေးရင်ပေးသလို ကတိကဝတ်တွေကို ချိုးဖောက်ပြီး ကိုယ်ကျိုးရှာ နိုင်ငံရေးအမြတ်ထုတ်နေတဲ့ EAO တွေ ပေါ်ပေါက်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ NCA ကိုလက်မှတ်ရေးထိုးရခြင်းရဲ့ ရည်ရွယ်ချက်ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအရေးနဲ့ ဒီမိုကရေစီအရေးအတွက်ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ အရေးနဲ့ တိုင်းရင်းသားအရေးဆိုရာမှာ ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါတယ်။ တပ်မတော်အနေနဲ့ NCA စာချုပ်ဖြစ်ပေါ်လာပြီး (၃)နှစ်အကြာမှာပဲ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ကို အမှန်တကယ် လိုလားတဲ့စိတ်နဲ့ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲတာတွေကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာပြီး လိုက်လျောဆောင်ရွက်ပေးခဲ့တာကို အားလုံးသိရှိပြီးဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မူဝါဒတွေကို ချမှတ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြောကြားတာတွေ၊ လိုက်ပါ ဆောင်ရွက်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ကြဖို့လည်း ဖိတ်ခေါ်မှုများကို ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေ တဲ့ ပဋိပက္ခများဟာ နိုင်ငံရေးအမြင်မတူမှုများကနေ ပေါ်ပေါက်လာခြင်းဖြစ်တာကြောင့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းကြဖို့ ဖိတ်ခေါ်မှုများ ပြုလုပ်လျက်ရှိပါတယ်။ အားလုံးက နိုင်ငံ့အကျိုးအတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းမှာ ပါဝင်လျှောက်လှမ်းကြဖို့ ပြောကြားလိုပါတယ်။

 

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်တဲ့အခါ ပြည်သူတစ်ရပ်လုံးဟာ ဒီမိုကရေစီရဲ့အနှစ်သာရနဲ့ ဒီမိုကရေစီ ယဉ်ကျေးမှုတွေ မဖြစ်မနေခံစားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီအစိုးရ အုပ်ချုပ်တဲ့ကာလများမှာ ပြည်သူလူထု အများစုဟာ ဒီမိုကရေစီအနှစ်သာရအပြင် ဒီမိုကရေစီယဉ်ကျေးမှုများနဲ့ အလှမ်းဝေးနေဆဲဖြစ်ခဲ့တာ တွေ့ရှိရပါတယ်။ ဒီမိုကရေစီ ယဉ်ကျေးမှုဆိုတာ လူတစ်ဦးချင်း (သို့မဟုတ်) အဖွဲ့လိုက်ရဲ့ လိုအင်ဆန္ဒတွေကို ပဋိပက္ခလုပ်မှု၊ အကြမ်းဖက်ဖော်ဆောင်မှုတွေကနေ ရှောင်ရှားပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ဖော်ဆောင်ခြင်း ဖြစ်တယ်ဆိုတာကို အမြဲနှလုံးသွင်း ဆောင်ရွက်ကြဖို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဒုတိယ အကြိမ်မြောက် ဒီမိုကရေစီအစိုးရသက်တမ်းကာလမှာ တစ်ခါတုန်းက မြန်မာ့သမိုင်းထဲကလို တိုင်းတစ်ပါးသားများအပေါ် ယုံကြည်ကိုးစားမှု လွန်ကဲခြင်းတွေကြောင့် တိုင်းပြည်ဘဏ္ဍာတွေ ဆုံးရှုံးခဲ့ရသလို မဖြစ်မနေထိန်းသိမ်းရမယ့် ပြည်တွင်းရေး လျှို့ဝှက်ချက်တွေကိုလည်း အလွယ်တကူ ပေါက်ကြားစေခဲ့ပါတယ်။ နိုင်ငံတော်ရဲ့တာဝန်အရပ်ရပ်ကို ထမ်းဆောင်ခွင့်ရခဲ့ကြတဲ့ အစိုးရအာဏာ ပိုင်တွေကအစ ဒီမိုကရေစီကျင့်စဉ်ကို လွဲမှားစွာကျင့်သုံးခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း အဲဒီအချိန်က အစိုးရရဲ့ မဲမသမာမှုလုပ်ရပ်များဟာ အလွန်အကျည်းတန်စွာ မြန်မာ့သမိုင်းစဉ်မှာ အမည်းစက်ကြီးအဖြစ် ကျန်ရစ်ခဲ့တာ အားလုံးသိပြီး ဖြစ်ပါတယ်။

                  

တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ ရေရှည်အကျိုးကိုမျှော်ကိုးပြီး နိုင်ငံတော်အပေါ် ကျရောက်လာတဲ့ ဘေးအန္တရာယ်အရပ်ရပ်ကို ကာကွယ်ဖို့ သမိုင်းပေး တာဝန် တစ်ရပ်အဖြစ် မှတ်ယူကြောင်း အလေးအနက်ပြောကြားလိုပါတယ်။ ၂၀၂၁ ခုနှစ်မှာ မမျှော်လင့်ဘဲ ဖြစ်ပေါ်ခဲ့ရတဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်မှာ တချို့သော EAO များအနေနဲ့ NCA မှာ လက်မှတ်ရေးထိုးထားရှိခဲ့တဲ့ ကတိကဝတ်များကို ဖောက်ဖျက်ပြီး NUG၊ CRPH အမည်ခံ အကြမ်းဖက် အဖွဲ့တို့ကို တစ်ဖက်လှည့်နည်းနဲ့ ထောက်ခံအားပေးခဲ့ပါတယ်။ အဲဒီအကြမ်းဖက် အဖွဲ့များရဲ့ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေကိုလည်း ထောက်ပံ့မှုမျိုးစုံပေးပြီး အားပေးအားမြှောက်တွေ ပြုခဲ့ကြပါတယ်။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုတွေ အားနည်းခဲ့ရပြီး ပြည်သူလူထုဟာလည်း အကြောက်တရားများနဲ့ ကျီးလန့်စာစားတဲ့ ဘဝကို ရောက်ရှိခဲ့ကြရပါတယ်။        

 

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ခဲ့တဲ့ MNDAA၊ TNLA၊ AA အကြမ်း ဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကလည်း ပြည်သူများရဲ့ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ ဒီမတိုင်မီမှာလည်း KNPP၊ KNDF၊ PNLO၊ KIA နဲ့ KNU လက်နက်ကိုင် သောင်းကျန်းသူများဟာ နယ်မြေဒေသအသီးသီးမှာ အဖျက်အမှောင့်လုပ်ရပ်များစွာကို ဆောင်ရွက်ခဲ့ကြပါတယ်။ အကျိုးဆက်ကတော့ အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရပါတယ်။ အဲဒီလိုအကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ အမျိုးမျိုးသော ပံ့ပိုးမှုတွေ အဓိက ပါဝင်နေတာကိုလည်း တွေ့ရှိရပါတယ်။ ဒါကို ကျွန်တော်တို့အစိုးရက မှန်ကန်စွာ ရှုမြင်ပြီး နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို မထိခိုက်အောင် ကာကွယ်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။

 

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

နိုင်ငံတစ်ခုတိုးတက်စေဖို့အတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ ကာကွယ်ရေး မောင်းနှင်အားများ ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးအရ အားကောင်းပြီး စီးပွားရေးနှင့် ကာကွယ်ရေးအပိုင်းမှာ အားနည်းနေလို့မရပါဘူး။ နိုင်ငံရေးအားကောင်းဖို့အတွက် ဦးဆောင်ကြသူများက စနစ်တကျ မှန်ကန်စွာဖြင့် ဦးဆောင်ပေးကြရမှာဖြစ်သလို နိုင်ငံသားအားလုံးကလည်း မိမိတို့နိုင်ငံ အကျိုးအတွက် စည်းလုံးညီညွတ်မှုရှိကြဖို့လိုပါတယ်။ နိုင်ငံစီးပွားရေးကောင်းမွန်လာဖို့အတွက် နိုင်ငံသားအားလုံးက ကျရာအခန်းကဏ္ဍကနေ ကြိုးပမ်းဆောင်ရွက်ကြမှသာ တစ်ဦးချင်း ကြွယ်ဝချမ်းသာခြင်းကနေ နိုင်ငံစီးပွားရေး ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ စီးပွားရေးအား ကောင်းမွန်မှသာ နိုင်ငံရဲ့ကာကွယ်ရေးအားလည်း တိုးတက် ကောင်းမွန်နိုင်မှာ ဖြစ်ပါတယ်။ တပ်မတော်ကို စတင်ဖွဲ့စည်းစဉ်ကတည်းက ပြည်ပရန်ကာကွယ်ရေး အတွက်သာဖြစ်ပြီး ပြည်တွင်းလုံခြုံရေးအတွက် မဟုတ်ကြောင်း ပြောကြားလိုပါတယ်။ နိုင်ငံတော်ရဲ့ ပြည်တွင်းလုံခြုံရေး အခြေအနေအရ အစိုးရက တာဝန်ပေးအပ်မှသာ ပြည်တွင်းလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ရခြင်း ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ လွတ်လပ်ရေးရပြီးစ ဖဆပလ အစိုးရခေတ်ကတည်း ကနေ ဒီနေ့အချိန်အထိ ကာကွယ်ရေးနဲ့ ပြည်တွင်းလုံခြုံရေးကို တာဝန်ပေးချက်အရ ပူးတွဲဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက်မှာ နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပေးအပ်လာတဲ့ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့တာကို သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို တပ်မတော်တစ်ခုတည်းမှာပဲ အပြည့်အဝတာဝန်ရှိတယ်လို့ မမှတ်ယူ ကြဘဲ ပြည်သူများရဲ့အားနဲ့ စစ်မှန်တဲ့ပူးပေါင်းပါဝင်မှုအားတို့လည်း လိုအပ်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပထဝီအနေအထား၊ နိုင်ငံရေး အခြေအနေများအရ နိုင်ငံတော်ကာကွယ် ရေးတာဝန်များကို အထူးသတိကြီးစွာ ပြင်ဆင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

 

ယနေ့ကာလမှာ အင်အားကြီးနိုင်ငံများရဲ့ အားပြိုင်မှုတွေ၊ အင်အားငယ်တဲ့ နိုင်ငံများအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုတွေ၊ နိုင်ငံအချင်းချင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ပြည်တွင်းရေးမငြိမ်မသက်မှုတွေဟာ ကမ္ဘာ့နေရာ အနှံ့အပြားမှာ ဖြစ်ပွားလျက်ရှိတာကို တွေ့ရပါတယ်။ ဒီလို ပြဿနာများနဲ့ ပဋိပက္ခများကို ဖြေရှင်းရာမှာ အချို့ဒေသများမှာဆိုရင် ပြည်တွင်း ပဋိပက္ခကို ဒေသတွင်းပဋိပက္ခအခြေအနေအထိ ဖြစ်ပေါ်အောင် ဖန်တီးနေတာတွေ့ရပါတယ်။ ကမ္ဘာ့နိုင်ငံအများစုကလည်း နိုင်ငံအလိုက် အင်အားစု ရရှိရေး ဒေသဆိုင်ရာ အဖွဲ့အစည်းများဖွဲ့စည်းပြီး နိုင်ငံရေး၊ စီးပွားရေးစတဲ့ ကဏ္ဍအစုံမှာ အဖွဲ့အစည်း အလိုက် ပူးပေါင်းဆောင်ရွက်လာကြပါတယ်။ ဒါပေမဲ့ နိုင်ငံတိုင်းကတော့ မိမိနိုင်ငံရဲ့ အကျိုးစီးပွားပေါ်မှာသာ ခိုင်ခိုင်မာမာရပ်တည်ပြီး ဦးစားပေး လုပ်ဆောင်နေတာကို သတိပြုမိကြဖို့ လိုပါတယ်။ လတ်တလောဖြစ်ပွားခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံတွေရဲ့ ပြည်တွင်းရေး ပဋိပက္ခ နောက်ကွယ်တွေမှာ ဘယ်နိုင်ငံတွေက ဘယ်လိုပါဝင်ပတ်သက်ခဲ့ပြီး တစ်ကျော့ပြန် ခေတ်သစ်ကိုလိုနီနယ်ချဲ့မှုတွေ ဖန်တီးနေတယ်ဆိုတာကို ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး သတိထားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

 

ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေနဲ့ နိုင်ငံငယ်များအပေါ် ဩဇာလွှမ်းမိုးမှုရှိအောင် ဆောင်ရွက်ရာမှာ နိုင်ငံတိုးတက်စေဖို့အတွက် အဓိကကျတဲ့ စီးပွားရေးကဏ္ဍများကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေတာ တွေ့ရှိရပါတယ်။ ပြည်တွင်းမှာ ပဋိပက္ခမျိုးစုံ၊ အကျပ်အတည်းမျိုးစုံတို့ကို ဖန်တီးပြီး စီးပွားရေးထိခိုက်အောင်၊ လိုသလိုခြယ်လှယ်နိုင်အောင် ဖန်တီးဆောင်ရွက်နေကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံငယ်များအနေဖြင့် မိမိနိုင်ငံအတွင်းမှာရှိတဲ့ သယံဇာတနဲ့ အရင်းအမြစ်များရဲ့ စွမ်းအားကို အသုံးချပြီး ရင်ဆိုင်ကျော်လွှားနိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ်ပိုင် အရင်းအမြစ်နည်းပါးတာနဲ့အမျှ စီးပွားရေးထိခိုက်ပြီး အခြားကဏ္ဍအစုံမှာပါ အားနည်းလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်ဖို့အတွက် အရင်းအမြစ်ကောင်းများ ရှိထားပါတယ်။ ကမ္ဘာပေါ်မှာ ကြုံတွေ့လာနေတဲ့ စားနပ်ရိက္ခာလုံခြုံရေးကို ပံ့ပိုးပေးနိုင်သော နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခံထားရပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ အခြားသော ကြေးနီ၊ သံ၊ ခဲမဖြူစတဲ့ သတ္တုပစ္စည်းများလည်း ထွက်ရှိနေတာကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလိုနိုင်ငံတော်ရဲ့ သယံဇာတများနဲ့ စိုက်ပျိုးမွေးမြူရေး အခြေခံကောင်းများကို အသုံးချပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့သာ လိုအပ်ပါတယ်။ စီးပွားရေးထိခိုက်အောင် ဆောင်ရွက်နေမှုများကိုလည်း ကျော်လွှား ကြရမှာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ကာလမှာ ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့အတူ စီးပွားရေးထိခိုက်မှုတွေက မလွှဲမရှောင်သာ ကပ်ပါလာခဲ့ပါတယ်။ ကိုဗစ်အလွန်ကာလ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့နိုင်ငံရေး ပွတ်တိုက်မှု ဖြစ်စဉ်တွေကြောင့် စွမ်းအင်လောင်စာ ပြဿနာတွေပေါ်ပေါက်ခဲ့ပြီး အခုဆိုရင်လည်း တချို့နိုင်ငံတွေမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ အဆုံးသတ်မှာ စီးပွားရေးအကျပ်အတည်း ဖြစ်စေမှုဆီဦးတည်လေ့ရှိတာကြောင့် ပြည်ပ နယ်ချဲ့ အင်အားကြီးနိုင်ငံတွေဟာ ကြိုတင်ဖန်တီးပြီး သူတို့အကျိုးကို ဖန်တီးနေကြခြင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်ပအမှီအခိုကင်းပြီး ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ လူသားအရင်းအမြစ်တွေ ပိုင်ဆိုင်လာအောင် ကြိုးစားနိုင်မှသာ ကိုယ့်နိုင်ငံကိုယ့်သယံဇာတတွေနဲ့ ဝင့်ဝင့်ထည်ထည် ရပ်တည်နိုင်မှာဖြစ်ပါတယ်။ အဲဒီလိုအနာဂတ်နိုင်ငံတော်ကြီး ပေါ်ပေါက်စေဖို့ မတူကွဲပြားမှုတွေကို ငြိမ်းချမ်းရေးစားပွဲဝိုင်းတွေမှာ စုပေါင်းအဖြေရှာမယ်၊ ညှိနှိုင်းဆွေးနွေးကြမယ်ဆိုပြီး NCA စာချုပ်ကြီး ဖြစ်မြောက်ပေါ်ပေါက်လာအောင် ကြိုးစားခဲ့ကြလို့ အခုလိုငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို ရောက်ရှိခဲ့ရခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ပြည်တွင်းပြည်ပ အတိုက်အခိုက် အဖျက်အမှောင့်တွေကြားကပဲ နိမ့်ကျနေတဲ့စီးပွားရေးကို ပြန်လည် မြင့်တက်လာအောင်နဲ့ အခြားသောပညာရေး၊ ကျန်းမာရေးနဲ့ လယ်ယာကုန်ထုတ်လုပ်ငန်းများကို ကဏ္ဍအသီးသီးတိုးတက်မှုရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

 

တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံ့တာဝန်ကို စတင်ယူခဲ့ချိန်ကတည်းက ရှေ့လုပ်ငန်းစဉ်များကိုချမှတ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင်လည်း NCA လမ်းကြောင်းအတိုင်း သွားမှာဖြစ်ပြီး NCA သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထား ဆောင်ရွက်သွားမယ်ဆိုတာကို အတိအလင်းပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ တာဝန်ယူချိန်ကတည်းက အခက်အခဲများစွာကြားကပဲ ဦးစားပေးလုပ်ဆောင်ရမယ့်တာဝန်တွေကို အဆင့်လိုက်ချမှတ်ပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ ယနေ့မှာဆိုရင် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူတဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သန်းခေါင်စာရင်း ကောက်ယူပြီး ကျွန်တော်တို့ အာမခံထားတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ရဲ့ နောက်ဆုံးအချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ဖို့ စီမံဆောင်ရွက်လျက် ရှိပါတယ်။ ရွေးကောက်ပွဲမှာ ပါတီစုံပါဝင်နိုင်ရေးကို အလေးထားဆောင်ရွက်နေပြီး နယ်မြေဒေသ အလိုက် ရွေးကောက်ပွဲကျင်းပနိုင်တဲ့ လုံခြုံရေးအခြေအနေရောက်အောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ရွေးကောက်ပွဲကာလများမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေများကို တွက်ဆပြီး လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်သလို သက်ဆိုင်ရာ EAO များ ကလည်း ပူးပေါင်းပါဝင်ပေးကြဖို့ပြောကြားလိုပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ချမှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါအတိုင်း ကဏ္ဍအလိုက်ဟန်ချက်ညီ ရှေ့ဆက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှုရှိမှသာ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနဲ့ မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကို အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

 

ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ နိုင်ငံရေးရည်မှန်းချက် (၂) ရပ်နဲ့ အမျိုးသားရေး ရည်မှန်းချက် (၂) ရပ်တို့ကို အထူးအလေးထားပြီးအကောင်အထည်ဖော် ဆောင်ရွက် နေပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းတည်ငြိမ်အေးချမ်းဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ဆိုတာ တပ်မတော်တစ်ဖက်တည်းကနေပဲ လုံ့လစိုက်နေလို့မရပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ NCA ရဲ့ အနှစ်သာရတွေကို သိရှိနားလည်ပြီး နိုင်ငံတော် အတွက်ဆိုတဲ့ အသိတရားနဲ့ ထားရှိပြီးသား ကတိကဝတ်တွေကို အလေးထားလိုက်နာ ပူးပေါင်းဆောင်ရွက်ကြမှသာ ကျွန်တော်တို့အားလုံး သွားချင်တဲ့ပန်းတိုင်ကို လျင်မြန်စွာရောက်ရှိမှာ ဖြစ်ပါတယ်။

 

မလိုလားအပ်တဲ့ လက်နက်ကိုင်လမ်းစဉ်တွေကြောင့် နိုင်ငံတစ်ဝန်း ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရပါတယ်။ အပြစ်မဲ့ပြည်သူများ၊ ကလေးသူငယ်များနဲ့ ရဟန်းသံဃာများပါမကျန် သေဆုံးခဲ့ကြရတာတွေဟာ တိုင်းပြည်ရဲ့နစ်နာမှုတွေပဲဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို သစ္စာမဲ့၊ အသိဉာဏ်အားနည်းတဲ့ ကိုယ့်နိုင်ငံသားများကသာ ပြည်ပကမြှောက်ထိုးပံ့ပိုးမှုများနဲ့ ဖျက်ဆီးနေခြင်း ဖြစ်ပါတယ်။ ဒီလိုပြည်ပ ပယောဂတွေ လွှမ်းမိုးနေတဲ့ အကြမ်းဖက်မှုတွေ လျော့ပါးစေဖို့ တိုင်းပြည်ကာကွယ်ရေး စွမ်းအားတွေ တောင့်တင်းခိုင်မာစေဖို့အတွက် ကျွန်တော့် အနေနဲ့ ၂၀၁၀ ပြည့်နှစ်ကတည်းက ပြဋ္ဌာန်းထားခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့ပြီး နိုင်ငံတော်လုံခြုံရေးကဏ္ဍကို တိုးမြှင့်နိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူများအားလုံးပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်အတွက်လည်း ဖွဲ့စည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒီလိုတွေ ဆောင်ရွက်ပေးနိုင်ခဲ့တာကြောင့် ပြည်သူအားလုံးဟာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ကိုယ်စီကိုယ်စီ တာဝန်ရှိကြတယ်ဆိုတဲ့ အသိခံယူချက် ကို ရရှိစေမှာဖြစ်ပါတယ်။

 

အကြမ်းဖက်သောင်းကျန်းသူများရဲ့ ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုများဟာ နိုင်ငံရေးကို အကြောင်းပြပြီး လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေကြခြင်းသာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ဖို့ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြတာကို တွေ့ရှိရပါတယ်။ လူငယ်လူရွယ်တွေကို မူးယစ်ဆေးဝါးတွေနဲ့ သိမ်းသွင်း မြှူဆွယ်ပြီး စစ်ပွဲထဲ အတင်းအဓမ္မရောက်ရှိစေခဲ့ကြပါတယ်။ အပြစ်မဲ့ ပြည်သူတွေရဲ့အသက်​တွေသာမကလမ်း တံတားအဆောက်အအုံတွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေပါမကျန် ဖျက်ဆီးခဲ့ကြတာကို အားလုံးသိရှိကြပြီးဖြစ်ပါတယ်။ အဲဒီလို မင်းမဲ့စရိုက်ဆန်တဲ့ ပြုမူမှုတွေကြောင့် ပြည်သူလူထုအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် ရွံရှာ မုန်းတီးနေပြီး တပ်မတော်နဲ့အတူ အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းတွေအပေါ်မှာ တက်ကြွစွာ ပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။ ဆက်လက်ပြီးတော့လည်း တပ်မတော်အနေနဲ့ အကြမ်းဖက် သောင်းကျန်းသူတွေကို နှိမ်နင်းဖို့လိုအပ်တဲ့ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာတွေကို ထပ်မံဆောင်ရွက်မှာဖြစ်တာကြောင့် ပြည်သူများအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ အသုံးချမှု မခံရအောင် သတိပြုကြဖို့ကိုလည်း ကျွန်တော့်အနေနဲ့ ထပ်မံအသိပေးပြောကြားလိုပါတယ်။

 

တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-

ကျွန်တော်တို့ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေး ရရှိစေဖို့အတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလိုတွေ့ဆုံမှုတွေကနေရရှိလာတဲ့ သဘောထားမှတ်ချက်တွေကို Union Accord အဖြစ် မှတ်တမ်းတင် ထားရှိခဲ့ပါတယ်။ NCA ကနေတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်း ပပျောက်သွားမှသာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ပန်းတိုင်ကို အရောက်သွားနိုင်မှာ ဖြစ်ပါတယ်။ အားလုံးအတူတကွ မြန်မာဆိုတဲ့စိတ်နဲ့ ရှေ့ဆက်ကြဖို့ပဲလိုပါတယ်။ ဒီလိုမဟုတ်ဘဲ လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်တွေကို အားပေးထောက်ခံပြီး မိမိတို့နိုင်ငံသားချင်း သွေးမြေကျအောင် ကြံစည်ဆောင်ရွက်နေတဲ့ ပြည်ပနိုင်ငံတွေရဲ့ သွေးထိုးမြှောက်ပင့်မှုတွေအပေါ် ယုံစားနေကြဦးမယ် ဆိုရင် ကျွန်တော်တို့သွားလိုတဲ့ အနာဂတ်နိုင်ငံတော်ခရီးဟာ အလှမ်းဝေးနေဦးမှာပဲ ဖြစ်ပါတယ်။

 

ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ဟာ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံများရဲ့ ဩဇာလွှမ်းမိုးချုပ်ကိုင်လိုတဲ့အတွက် ပြည်တွင်းမတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေခြင်းသာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွင်းမှာရှိတဲ့ မတူကွဲပြားတဲ့ လူမျိုးစုများအကြား စည်းလုံးမှုမရှိအောင် နည်းလမ်းအမျိုးမျိုးနဲ့ သွေးခွဲမှုတွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းအား လျော့ပါးလာအောင် နိုင်ငံရေးအရရော စီးပွားရေးအရပါ မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေတာ တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ပြောကြားလိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုး အားလုံးဟာ ရှေးနှစ်ပေါင်းများစွာကတည်းက အေးအတူပူအမျှ တစ်မြေတည်းနေ တစ်ရေတည်း သောက်ခဲ့ကြတဲ့ ညီအစ်ကိုအရင်းတွေ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ကြုံတွေ့လာရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို လက်ချင်းချိတ်ပြီး ရင်ဆိုင်ဖြေရှင်းခဲ့ကြတဲ့ သူများဖြစ်ပါတယ်။ ဒီနေ့အချိန်မှာ အင်အားကြီးနိုင်ငံများရဲ့ အကျိုးစီးပွားအတွက် မိမိတို့ နေထိုင်ရာဒေသကို ပြန်ဖျက်ဆီးနေမယ့်အစား မိမိတို့ရှင်သန်ကြီးပြင်းခဲ့ရာ နိုင်ငံတော်ရဲ့အကျိုးအတွက် အားလုံးက အရှည်ကိုမြော်တွေးပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ကျွန်တော်တို့အချင်းချင်း သွေးကွဲပြီး ရန်စောင်နေကြမယ်ဆိုရင် နိုင်ငံတော်ရဲ့ စွမ်းအားတွေ လျော့နည်းပြီး သူတစ်ပါးအလိုကျ လိုက်ပါဆောင်ရွက်ကြရတဲ့ လူမျိုးတွေအဖြစ် သမိုင်းမှတ်တမ်း ကျန်ရစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ ဒီနေ့အချိန်အခါမှာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအနေနဲ့ တပ်မတော်က ဆောင်ရွက်နေတဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များမှာ ဝိုင်းဝန်းပူးပေါင်းပါဝင်ပြီး မိမိတို့ရဲ့ လိုလားချက်များကို တွေ့ဆုံဆွေးနွေးမှုများကနေ ညှိနှိုင်းကြဖို့၊ တောင်းဆိုကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

 

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

နိဂုံးချုပ်အနေနဲ့ပြောရရင် လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့ မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လက်နက်ကိုင်အကြမ်းဖက် တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ “ရှေ့သို့ ချီမည် ပန်းတိုင်ဆီ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျွန်တော်တို့ အားလုံး “မြန်မာ”ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ရှေ့ကိုချီတက်ကြတဲ့နေရာမှာ NCA ကို လေးစားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာလည်း ထာဝရ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတဲ့စိတ်နဲ့ အချင်းချင်း ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနဲ့ ချမှတ်ထားပြီးသား ကတိကဝတ်များကို လိုက်နာစောင့်ထိန်းသွားကြဖို့ လိုပါတယ်။

သန်းခေါင် စာရင်းကောက်ယူပြီး ဖြစ်ပေါ်လာမယ့် ရွေးကောက်ပွဲဆိုင်ရာ အကြိုလုပ်ငန်းစဉ် ကဏ္ဍများမှာ EAO များရော တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကပါ လုံခြုံရေးအသိ၊ လုံခြုံရေး အမြင်များ ထားရှိပြီး ကိုယ်စီကိုယ်စီ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့နဲ့ နိုင်ငံ့သားကောင်း စိတ်ဓာတ်တို့ကို ပြသကြဖို့ တိုက်တွန်း လိုပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်း မှု ပျက်ပြားအောင် ဆောင်ရွက်နေကြတဲ့ အကြမ်းဖက်သမားများ အလုံးစုံချုပ်ငြိမ်း အဆုံးသတ်သွားနိုင်ရေးအတွက် အစိုးရနှင့်အတူ လက်တွဲဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။


No comments

Powered by Blogger.