လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်၏ Wa Ale Resort တွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ အောက်တိုဘာလနောက်ဆုံးပတ်မှစ၍ အပန်းဖြေအနားယူနိုင်



ရန်ကုန်၊ အောက်တိုဘာ ၁၄


မြန်မာနိုင်ငံတွင် ပထမဆုံးသော အဏ္ဏဝါဥယျာဉ်ကြီးတစ်ခုဖြစ်သည့် လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်သို့ နှစ်စဉ် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်အပန်းဖြေကြလျက်ရှိရာ ထိုကျွန်းပေါ်ရှိ ဝါးအလယ်ကျွန်း(Wa Ale Resort) အပန်းဖြေစခန်းကို ယခုလ နောက်ဆုံးပတ်တွင် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။


ကော့သောင်းမြို့နှင့် ‌ရေမိုင် ၆၀ အကွာတွင်ရှိသည့် လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ် သည် ဧရိယာ ၁၀၀ ဒသမ ၁၅ ဧက ကျယ်ဝန်းပြီး ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ကျက်စားသည့် နည်းတူ အဏ္ဏဝါဆိုင်ရာ ကုန်းနေ/ရေနေသတ္တဝါများ ရှင်သန်ကြွယ်ဝကာ သန့်ရှင်းကောင်းမွန်သော ပင်လယ်ပြင်နှင့် သဘာဝ ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားရာ နိုင်ငံခြားသားခရီးသွားများ အထူးစိတ်ဝင်စားရာ  အပန်းဖြေလေ့လာမှု နေရာတစ်ခုအဖြစ် ထင်ရှားလျက်ရှိသည်။


“ နိုင်ငံခြားသားတွေလာရောက်အပန်းဖြေတဲ့ ဝါးအလယ်ကျွန်း(Wa Ale Resort)အ ပန်းဖြေစခန်းကို  ဒီနှစ်က ရာသီဥတုအခြေအနေကြောင့် အောက်တိုဘာလကုန်ပိုင်းမှာ ဖွင့်မှာပါ။ ပုံမှန်ဆိုရင် အောက်တို ဘာလဆန်းမှာဖွင့်တာပါ။ သစ်တောဦးစီးဌာနကမြေမှာ ငှားရမ်းပြီးဖွင့်ထားတဲ့ အပန်းဖြေစခန်း တစ်ခုလည်း ဖြစ်ပါတယ်။ ဟိုတယ်နဲ့ခရီးသွားဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ ခရီးသွားအေဂျင်စီတွေက ကော့သောင်းကလာတဲ့ နိုင်ငံခြားသား ခရီသွားတွေကို နေ့ချင်းပြန်ခရီးစဉ်အဖြစ် စီစဉ်ပေးလေ့ရှိပါတယ်။ Wa Ale Resort မှာ တည်းခိုတဲ့ နိုင်ငံခြားသားတွေဆိုရင် ဗီဇာပေါ်မူတည်ပြီး တစ်ပတ်၊ ၁၀ ရက်တည်း ကြတာများပါတယ်။ ခရီးသွားရာသီဖွင့်ပြီဆိုတာနဲ့ နိုင်ငံတကာခရီးသွားတွေ လာ‌‌ရောက် အပန်းဖြေ ကြတာများပါတယ်။ နိုင်ငံခြားသားတွေနှစ်ခြိုက်သ‌ဘောကျတဲ့ အပန်းဖြေနေရာဆိုရင်မမှားပါဘူး။  ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်မီးကဏ္ဍနဲ့ အခြေခံအ ဆောက်အအုံတွေကို မြှင့်တင်ပေးမယ်ဆိုရင် ဒီဒေသရဲ့ ခရီးသွားလုပ်ငန်းဟာ ပိုပြီးဖွံ့ဖြိုး လာမှာပါ။ အဏ္ဏဝါ အမျိုးသားဥယျာဉ်ကြီး ရေရှည်တည်တံ့ဖို့ အတွက် ထိန်းသိမ်းမှုနဲ့အတူ စောင့်ကြည့်ခြင်း လေ့လာမှုတွေကို စဉ်ဆက်မပြတ် ဆောင်ရွက် နေပါတယ်”ဟု လန်ပိကျွန်းအဏ္ဏဝါ အမျိုးသားဥယျာဉ် အုပ်ချုပ်‌ရေးမှူး ဦးကြည်ဦးက ပြောသည်။


လန်ပိကျွန်းတွင် ခရီးသွားများအနေဖြင့် သစ်တောအလှကိုကြည့်ကာ ကနူးလှေစီးခြင်း၊ တောတွင်း လမ်းလျှောက်၍ ငှက်ကြည့်ခြင်း၊ ရေအောက်အလှနှင့်သန္တာကျောက်တန်း များကိုကြည့်ရှုခြင်း၊ လှိုင်းစီးခြင်းနှင့်ဒိုင်ဗင်ထိုးခြင်း၊ ဆလုံတိုင်းရင်းသားတို့၏ လူနေမှုဘဝပုံစံကိုလေ့လာခြင်း၊  သစ်ပင်နှင့်နို့တိုက်သတ္တဝါများ၊ ကုန်းနေ/ရေနေသတ္တဝါများကိုလေ့လာခြင်း၊ ငှက်နှင့်ပင်လယ်ရေမှော်များ ကိုလေ့လာခြင်း စသည့် နှစ်သက်ရာဝါသနာအလိုက် လေ့လာ အပန်းဖြေလေ့ရှိပြီး ပင်လယ်ကမ်းခြေ၏ နူညံ့သောသဲသောင်မွမွပေါ်တွင် လမ်းလျှောက်ခြင်းနှင့်  နေပူစာလှုံခြင်းကိုလည်း ခရီးသွားများ နှစ်သက်ကြလေ့ရှိသည်။  


လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်သည်  အလျားမိုင် ၃၀၊ အနံ ခုနှစ်မိုင်ရှိပြီး ရေပျော်      ငှက်နှင့် ဒေသမျိုး ရင်းငှက် ၂၈၈ မျိုးရှင်သန်ကျက်စားလျက်ရှိရာ ပုလင်းနှုတ်သီးလင်းပိုင်နှင့် အောက်ချင်းငှက်အပါအဝင် ရှားပါးမျိုးစိတ်များ နေထိုင်ကျက်စားမှုကြောင့် ခရီးသွားများ လေ့လာစူးစမ်းအပန်းဖြေရာနေရာ တစ်ခုအဖြစ် ဆွဲဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်နှင့် ကျွန်းနံသာ အမျိုးသားအဏ္ဏဝါဥယျာဉ်ဟူ၍ အဏ္ဏဝါဥယျာဉ် ကြီးနှစ်ခုရှိပြီး လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်သည် အာဆီယံအမွေအနှစ် ဥယျာဉ်ကြီးတစ်ခု အဖြစ် ဂုဏ်ယူစွာတည်ရှိလျက်ရှိကာ အဆိုပါလန်ပိကျွန်းရှိ  ဝါးအလယ် ကျွန်း(Wa Ale Resort ) သို့ နှစ်စဉ် နိုင်ငံတကာမှ ခရီးသွားများ လာရောက်အပန်းဖြေ လေ့ လာကြလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်

- ညိမ်းသူ(သတင်းစဉ်)

           

No comments

Powered by Blogger.