ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကြည့်ရှုလေ့လာ



နေပြည်တော် နိုဝင်ဘာ ၃

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် အခြေခံပညာ ကျောင်းများမှ ကျောင်းသူများနှင့် ကြီးကြပ်သူ စုစုပေါင်း ၃၂၆ ဦးတို့သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကြည့်ရှုလေ့လာကြသည်။

ရှင်းလင်းပြသ

ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပင်မ အဆောက်အအုံရှိ Auditorium ခန်းမတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများက အားလုံး ချစ်သည် MRTV” သီချင်းဖြင့် ကပြဖျော်ဖြေကြပြီး နုပျိုဆန်းသစ် (၇၈) နှစ်မှသည် ပြည်သူ့အတွက် MRTV” Video Clip ဖြင့် ရှင်းလင်းပြသသည်။

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က နှုတ်ခွန်းဆက်ပြောကြားပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများက လတ်တီးသီချင်းဖြင့် စုပေါင်း ဖျော်ဖြေရာ ကျောင်းသူများက ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ထို့နောက် လေ့လာရေးအဖွဲ့ဝင်များသည် MRTV News Channel Studio တွင် သတင်းထုတ်လွှင့်ရန် ရိုက်ကူးရေးဆောင်ရွက်မှုနှင့် Virtual Studio တွင် NRC ရုပ်သံလိုင်းမှ တိုင်းရင်းသားဝန်ထမ်းများ၏ ကယားရိုးရာပုံပြင် သရုပ်ဖော်ရိုက်ကူးမှုတို့ကို ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် လေ့လာရေးအဖွဲ့များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊သတင်းတင်ဆက်မှုပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများစသည့် စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်းပြသထားမှုများကို လေ့လာကြပြီး သိရှိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခြင်း၊ ပြတိုက်ဆိုင်ရာ မှတ်သားဖွယ်ရာ အဖြေလွှာများ၌ ကျောင်းသူများ၏ ဖြည့်စွက်မှုများကို စိစစ်၍ ပြည့်စုံစွာ ဖြေဆိုနိုင်သူများအား အမှတ်တရလက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါလေ့လာရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြသည်။

စီစဉ်ဆောင်ရွက်

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်ကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင်ကျင်းပမည်ဖြစ်ရာ နေပြည်တော်ရှိ အခြေခံပညာကျောင်းများမှ ကျောင်သူ ၃၀၀ တို့က ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် လှပချစ်စရာတို့ရွှေမြန်မာ သီချင်းဖြင့်လည်းကောင်း၊ ပိတ်ပွဲအခမ်းအနားတွင် ရွှေပြည်တော်သို့ တို့အတူသီချင်းဖြင့်လည်းကောင်း အကအလှများဖြင့် ပါဝင်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်၍ ကြိုတင်ပြင်ဆင်လေ့ကျင့်ချိန်ကာလတွင် အဆိုပါကျောင်းသူများ စိတ်အပန်းပြေစေရန်၊ ရွှင်လန်းတက်ကြွစေရန်နှင့် အသိပညာ၊ ဗဟုသုတရရှိနိုင်ရန် ရည်ရွယ်ပြီးယခုကဲ့သို့ လေ့လာရေးခရီးစဉ်ကို စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 သတင်းစဉ်

No comments

Powered by Blogger.