ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူး ကမ္ဘာ့အားကစားပြိုင်ပွဲ ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရ
ရန်ကုန် နို၀င်ဘာ ၃
အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup ) ကို နို၀င်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ဖိလစ်ပိုင်သမ္မတနိုင်ငံ Puerto Princesa မြို့၌ ကျင်းပခဲ့ရာ မြန်မာလှေလှော် အားကစားအသင်း ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
မြန်မာ၊ အင်ဒိုနီးရှား၊ တရုတ် (တိုင်ပေ)၊ စပိန်၊ ဖိလစ်ပိုင်၊ ဟန်ဂေရီအသင်းတို့သည် နိုဝင်ဘာ ၂ ရက်က အမျိုးသား၊ အမျိုးသမီး မီတာ၂၀၀ (၁၀) တက်လှော်ဗိုလ်လုပွဲပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ရာ အင်ဒိုနီးရှားအသင်းက ပထမ (ရွှေတံဆိပ်)၊ မြန်မာအသင်းက ဒုတိယ (ငွေတံဆိပ်)၊ တရုတ် (တိုင်ပေ) အသင်းက တတိယ (ကြေးတံဆိပ်) ရရှိခဲ့ကြသည်။
အလားတူ မြန်မာ၊ ဟန်ဂေရီ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ တရုတ် (တိုင်ပေ)၊ ယူကရိန်းအသင်းတို့သည် နို၀င်ဘာ ၃ ရက်က အမျိုးသား၊ အမျိုးသမီး မီတာ ၅၀၀ (၁၀) တက်လှော်ဗိုလ်လုပွဲကို ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းက ပထမ (ရွှေတံဆိပ်)၊ ဟန်ဂေရီ အသင်းက ဒုတိယ (ငွေတံဆိပ်)၊ အင်ဒိုနီးရှားအသင်းက တတိယ (ကြေးတံဆိပ်)တို့ ရရှိခဲ့ ကြသည်။
မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အားကစားသမားများသည် အောက်တိုဘာ ၂၄ ရက်မှ နို၀င်ဘာ ၃ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yichang မြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ် နှစ်ခု ရရှိခဲ့ပြီး ယခု ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ်တစ်ခု ထပ်မံ ရရှိခဲ့သည့်အတွက် လက်ရည်စစ်ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ခြောက်ခု၊ ငွေတံဆိပ်သုံးခု ရရှိခဲ့ပြီးဖြစ်သည်။
လက်ရည်စစ်ပြိုင်ပွဲများဖြစ်သည့် အမျိုးသား (၁၀) တက်လှော် မီတာ၂၀၀၀ ၊ အမျိုးသား (၈) တက်လှော် မီတာ ၂၀၀၀ ၊ အမျိုးသား၊ အမျိုး သမီး (၈) တက်လှော် မီတာ ၂၀၀၀ ၊ အမျိုးသား၊ အမျိုးသမီး (၁၀) တက်လှော် မီတာ ၂၀၀ နှင့် အမျိုးသား၊ အမျိုးသမီး (၁၀) တက်လှော် မီတာ ၅၀၀ ပြိုင်ပွဲများတွင် အသင်း ၁၆ သင်းအား ၊ အုပ်စုလေးစုခွဲ၍ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်အဆင့်များအထိ အဆင့်ဆင့် ယှဉ်ပြိုင်ကြရကြောင်း သိရသည်။
ယင်းပြိုင်ပွဲမှ အကောင်းဆုံး အသင်း (၁၂) သင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဒူးမြို့၌ လာမည့် ၂၀၂၅ ခုနှစ် သြဂုတ် ၉ရက်နှင့် ၁၀ရက်တို့တွင် ကျင်းပသွားမည့် ကမ္ဘာ့အားကစားပြိုင်ပွဲ ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး မြန်မာလှေလှော် အားကစားသမားများသည် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီကြောင်း သိရသည်။
သတင်းစဉ်
.jpg)
No comments