မန္တလေးတိုင်းဒေသကြီး၌ ဆီထွက်သီးနှံ နေကြာအပါအဝင် သီးထပ်သီးနှံတိုးချဲ့စိုက်ပျိုးရေး ကြိုးပမ်း
နေပြည်တော် နိုဝင်ဘာ ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ထမုန်ကန်ကျေးရွာအုပ်စု မိုးစပါးနည်းပညာပေး စံပြစိုက်ကွင်း၌ ကျင်းပသည့် ဓါတ်မြေဩဇာ ကြဲပက်ပွဲသို့ တက်ရောက်လာကြသည့် တောင်သူများနှင့် ရင်းနှီးခင်မင်စွာ တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှု အလားအလာကောင်းသော ဒေသများကို အားပေးထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မျိုးစေ့ထုတ်လုပ်ငန်းရှင်များနှင့် တောင်သူများအကြား မျှတသည့် အကျိုးစီးပွားဖြစ်ထွန်းစေရေး အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့သော မျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလားစေရေး ကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေးပြောကြားပြီး မိုးစပါးခင်းတွင် တောင်သူများစုပေါင်း၍ ဓါတ်မြေဩဇာ ကြဲပက်မှုကို ကွင်းဆင်းကြည့်ရှု အားပေး ကြသည်။
ထိုမှတဆင့် သာစည်မြို့နယ်ရှိ ညောင်ရမ်း - မင်းလှကန်သို့ ရောက်ရှိစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ညောင်ရမ်းကန်နှင့် မင်းလှကန်၏ ရေခြားကန်ပေါင် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းကို လာမည့်နွေစပါးရာသီ စိုက်ပျိုးရေပေးဝေပြီး ကန်ရေလျော့နည်းချိန်တွင် ဆောင်ရွက်ရန်နှင့် ဘဏ္ဍာငွေ အလေအလွင့်မရှိဆောင်ရွက်နိုင်ရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာ မိုးမြေပဲအထူးဇုန် ဧက (၁၀၀) စိုက်ကွင်းတွင် ဒေသခံမြေပဲတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများ၏ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံ သုတေသနဌာနခွဲ ကျောက်ဆည် စိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်လျက်ရှိသည့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စပါးမျိုးယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ကျောက်ဆည်မြို့ ဒွေးလှကျေးရွာ ဓမ္မာရုံ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံ နေကြာအပါအဝင် သီးထပ်သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ နေကြာစိုက်ပျိုးခြင်းအတွက် လိုအပ်သော နည်းပညာနှင့်အကူအညီများ ဆောင်ရွက်ပေးနိုင်ရေး၊ တောင်သူများ၏ လက်တွေ့လုပ်ငန်းခွင် အခက်အခဲများကို မေးမြန်းဆွေးနွေးပြီး သက်ဆိုင်ရာဌာနတာဝန်ရှိသူများက အနီးကပ်ကြပ်မတ်ကူညီပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments